အဂူရို၏ ဒဏ်ရာအခြေအနေ စောင့်ကြည့်ရမည်ဟု ဂွာဒီယိုလာဆို

အဂူရို၏ ဒဏ်ရာအခြေအနေ စောင့်ကြည့်ရမည်ဟု ဂွာဒီယိုလာဆို

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အဓိကတိုက်စစ်မှူး အဂူရို၏ ဒဏ်ရာအခြေအနေကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ချယ်လ်ဆီး အား နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲအပြီး၌ ပြောခဲ့သည်။

မန်စီးတီး သည် ချယ်လ်ဆီးပွဲ၌ ပွဲချိန် ၂၁ မိနစ်တွင် ကန်တီဂိုးကို ခွင့်ပြုခဲ့ရသော် လည်း ဒီဘရိုင်းက ၂၉ မိနစ်တွင် ပြန်လည် ချေပဂိုးသွင်းခဲ့သည်။ မန်စီး တီးအတွက် အနိုင်ဂိုးကိုမူ မာရက်ဇ်က ပွဲချိန် ၃၇ မိနစ်တွင် သွင်းယူခဲ့၍ အဖိုးတန်နိုင်ပွဲ ရရှိခဲ့သည်။

အာဂျင်တီးနား တိုက်စစ်မှူး အဂူရိုသည် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့သူ ဖြစ်သည်။ အဂူရိုသည် ချယ်လ်ဆီးနောက်ခံလူ ရီဆီဂျိမ်းစ်၏ ကစားပုံကြမ်းမှုကြောင့် ဒဏ်ရာရရှိခဲ့ပြီး ၇၇ မိနစ်၌ လူစားလဲခြင်း ခံခဲ့ရ သည်။ နည်းပြ ဂွာဒီယိုလာက ''ကျွန်တော်တို့ အဂူရိုရဲ့ ဒဏ်ရာအခြေအနေ ကို စောင့်ကြည့်ရဦးမှာပါ။ သူ့အတွက်တော့ အဆင်မပြေဘူး။ ကြည့်ရတာ ခြေထောက်ကြွက်သားဒဏ်ရာ ဖြစ်လောက်တယ်''ဟု ပြောခဲ့သည်။

အဂူရိုသည် ယခုနှစ်ရာသီတွင် ပရီးမီးယားလိဂ် ကိုးဂိုးသွင်းယူထား ပြီး ပြိုင်ပွဲစုံ ၁၃ ဂိုး သွင်းထားသူဖြစ်သည်။ အကယ်၍ အဂူရိုမှာ ဒဏ်ရာ ကြောင့် အနားယူရပါက ၎င်း၏နေရာ၌ ဘရာဇီးတိုက်စစ်မှူး ဂျီးဆက် အစားထိုးကစားမည်ဖြစ်သည်။ မန်စီးတီးသည် ပရီးမီးယားလိဂ်ပွဲစဉ်(၁၃)ပွဲကစားပြီးချိန် ကိုးပွဲနိုင်၊ တစ်ပွဲသရေ၊ သုံးပွဲရှုံး (၂၈)မှတ်ဖြင့် အဆင့် သုံးနေရာတွင် ရပ်တည်နေသည်။



ဖတ်ရှုမှုအများဆုံး