သမီးအရွယ်မိန်းကလေးငယ်ကိုယူထားကြောင်း ပြောဆိုသဖြင့် ဖြစ်ပွားခဲ့သည့်လူသတ်မှုကို သက်ဆိုင်ရာက နိုဝင်ဘာ ၂၄ ရက်တွင် အမှုဖွင့်ဖမ်းဆီးအရေးယူခဲ့သည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ၂၃ရက် ညနေ၅နာရီမိနစ် ၃၀ ခန့်တွင် ကရင်ပြည်နယ် ဘားအံမြို့နယ်၊ နောင်ပလိန် ကျေးရွာအုပ်စု၊ နောင်သရကျေးရွာ၌ စကားများရန်ဖြစ်ရာမှ အမျိုးသားတစ်ဦးသေဆုံးပြီး ဆေးရုံသို့ရောက်ရှိနေကြောင်း သတင်းအရ အိန္ဒုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။
သေဆုံးသူမှာ ဦးလှထွန်းဖြစ်ပြီး ဦးခေါင်းနောက်စေ့ကြေမွဒဏ်ရာ၊ မျက်နှာဖူးရောင်ဒဏ်ရာများရရှိသေဆုံးနေသည်ကို သက်ဆိုင်ရာက တွေ့ရှိခဲ့သည်။
သေဆုံးသူမှာ အခင်းမဖြစ်မီအချိန်၌ တစ်ရွာတည်းနေ ဦးအကလု၏နေအိမ်တွင် ဦးအကလုနှင့်အတူ အရက်အတူသောက်ခဲ့ကြောင်း၊ အရက်သောက်ပြီး ၁၀ မိနစ်ခန့်အကြာတွင် စောအေးမြင့်ရောက်လာပြီး အိမ်ရှေ့လမ်းပေါ်မှနေ၍ ဦးလှထွန်းကို လှမ်းခေါ်ခဲ့ကြောင်း၊ထို့နောက် ၄င်းတို့နှစ်ဦး စကားပြောစဉ် ဦးလှထွန်းကစောအေးမြင့်ကို ကိုယ့်သမီးအရွယ်မိန်းမငယ်လေးယူထားတယ် ပြောဆိုရာမှ ပြန်လည်ဆဲဆိုခဲ့ကြကြောင်း သေဆုံးသူ၏ ဇနီးဖြစ်သူ ဒေါ်မုကြည်ဖောင်က သက်ဆိုင်ရာသို့ ပြောသည်။
ထို့နောက် ဦးလှထွန်းကလက်သီးဖြင့်ထိုးခဲ့ရာ စောအေးမြင့်ကပြန်လည်ထိုးကြိတ်ခဲ့ပြီး ဦးလှထွန်းကမြေပြင်ပေါ်သို့ လဲကျသွားစဉ် စောအေးမြင့်က ဦးလှထွန်း၏ ရင်ဘတ်ပေါ်ခွစီး၍မျက်နှာကိုလက်သီးဖြင့်ဆက်တိုက်ထိုးခဲ့ကြောင်း၊ထို့ပြင်ဦးလှထွန်း၏လည်ပင်းကိုဆွဲကာ ဦးခေါင်းကိုမြေကြီးနှင့်ဆောင့်ခဲ့ကြောင်း၊ အိမ်ရှင်ဖြစ်သူ ဦးအကလုက ဖျန်ဖြေခဲ့ရာ ရန်ပွဲပြီးဆုံးသွားခဲ့ကြောင်း သေဆုံးသူ၏ဇနီးဖြစ်သူ ဒေါ်မုကြည်ဖောင်က သက်ဆိုင်ရာထံ ထွက်ဆိုသည်။
ရန်ပွဲပြီးဆုံးပြီးနောက် စောအေးမြင့် နွားကျောင်းထွက်သွားခဲ့ပြီး ဦးအကလုက ဦးလှထွန်းကို နေအိမ်သို့တွဲပို့ခဲ့ကြောင်း၊ ဦးလှထွန်း၏နောက်စေ့ဖူးရောင်ပြီး ကြေနေသဖြင့် ဆေးရုံသို့တင်ပို့စဉ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
အိန္ဒုနယ်မြေရဲစခန်းက(ပ)၄၈/၁၉ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားသည်။

















