ဆေးခြောက်အသုံးပြုခွင့်ရရေးလှုပ်ရှားသူကို ငွေဒဏ်ကျပ်နှစ်သောင်း ပြစ်ဒဏ်ချ

ဆေးခြောက်အသုံးပြုခွင့်ရရေးလှုပ်ရှားသူကို ငွေဒဏ်ကျပ်နှစ်သောင်း ပြစ်ဒဏ်ချ

ဆေးခြောက်တရားဝင်အသုံးပြုခွင့်ရရှိရေးလှုပ်ရှားမှုဦးဆောင်သူ ကိုစိန်လှမောင်ကို ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၁၉ အရ ငွေဒဏ်ကျပ်နှစ်သောင်းကျခံစေရန် ကျောက်တံတားမြို့နယ်တရားရုံးက ယနေ့နိုဝင်ဘာ ၂၅ ရက်တွင် အမိန့်ချမှတ်ခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်တွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအတွင်း အဆိုပါလှုပ်ရှားမှုနှင့် မီးပုံးပျံလွှတ်ပွဲပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်၍ ကျောက်တံတားမြို့မရဲစခန်း၌ အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။

နိုဝင်ဘာ ၂၀ ရက်တွင် ရဲတပ်ဖွဲ့က ၎င်းကို ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် နိုဝင်ဘာ ၂၅ ရက်တွင် တရားရုံးသို့ အမှုတွဲတင်ပို့ခဲ့ရာ တရားစွဲဆိုခံရခြင်း၏ အကြောင်းအခြင်းအရာများနှင့် အပြစ်ရှိ/မရှိ တရားသူကြီးက ရှင်းလင်းပြောဆိုပြီးနောက် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

"မီးပုံးပျံလွှတ်ပွဲမှာ လူတွေစုလာတယ်။ ဗီနိုင်းတွေ၊ အလံတွေ ယူလာကြတယ်။ အဲဒီအတွက် ကျွန်တော့်တာဝန်မကင်းဘူးလို့ ယူဆတဲ့အတွက် ဝန်ခံလိုက်တာပါ။ ဆေးခြောက်တရားဝင်အသုံးပြုခွင့်ရဖို့ လှုပ်ရှားမှုလုပ် တာနဲ့ တစ်ဆက်တည်းဖြစ်သွားတာပေါ့" ဟု ကိုစိန်လှမောင်က သတင်းထောက်များကို ပြောသည်။

ဒီဇင်ဘာလအတွင်း အထက်ပါလှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်ရန်ရှိပြီး ခွင့်ပြုချက်တောင်းခံရန် လိုအပ် ပါက တောင်းခံသွားမည်ဖြစ်ကြောင်းနှင့် အမိန့်ချမှတ်ခဲ့ခြင်းနှင့်ပတ်သက်၍ ပြောဆိုလိုခြင်းမရှိပါကြောင်း ၎င်းက ဆိုသည်။