ဓာတ်ဆီပုံးရွှေ့စဉ် မီးဖိုပေါ်မှောက်ကျသဖြင့် တဲမီးလောင်ပြီး တစ်ဦးသေ၊တစ်ဦးဒဏ်ရာရ

ဓာတ်ဆီပုံးရွှေ့စဉ် မီးဖိုပေါ်မှောက်ကျသဖြင့် တဲမီးလောင်ပြီး တစ်ဦးသေ၊တစ်ဦးဒဏ်ရာရ

ပန်းတောင်းမြို့နယ်တွင် ဓာတ်ဆီပုံးရွှေ့စဉ် အဖုံးပွင့်ကာ မီးဖိုပေါ်သို့မှောက်ကျသဖြင့် တဲမီးလောင်မှုကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၄ ရက် ည ၁၂ နာရီခွဲတွင် ပြည်ခရိုင် ပန်းတောင်းမြို့နယ် ကိုင်းကြီးကျေးရွာအုပ်စုနေ ဦးကျော်ဇင်ဦးသည် ဘူးရိုးချောင်းဖျား ဒေသအခေါ်(နတ်စင်ကုန်း) ရှိနေအိမ်၌ရှိနေစဉ် ကျားချောင်းနေ ခင်ဇော်တင့်၊ ကျော်သူစိုး၊ရန်နိုင်ထွန်းနှင့် အမည်မသိအမျိုးသားနှစ်ဦးတို့ ရောက်ရှိလာခဲ့သည်။

ထိုသို့ ရောက်ရှိလာပြီး ဇော်မင်းနိုင်တဲတွင် မီးလောင်မှုဖြစ်သောကြောင့် တဲအတွင်းနေထိုင်သူများ မီးလောင်ဒဏ်ရာများရရှိသဖြင့် ကိုင်းကြီးကျေးရွာသို့ သယ်ယူရန် အကူအညီတောင်းခံခဲ့သည်။

ထို့ကြောင့် ဦးကျော်ဇင်ဦးသည် အိမ်နီးချင်းနေထိုင်သူ နှစ်ဦးနှင့်အတူ ကျားချောင်းသို့ လိုက်ပါသွားခဲ့ကာ အဆိုပါနေရာသို့ ရောက်စဉ် ဇော်မင်းနိုင်တဲမှာ ပြာကျနေပြီး အဆိုပါနေရာတွင် ဦးအောင်ဝင်းနှင့် ဇော်မင်းနိုင်တို့နှစ်ဦး မီးလောင်ဒဏ်ရာများရရှိထားသည်ကို တွေ့ရှိခဲ့သည်။

ဦးအောင်ဝင်း၊ ဇော်မင်းနိုင်နှင့် ကျော်မျိုးဦးတို့ အရက်အတူသောက်စားခဲ့ကြပြီးနောက် တဲပေါ်ရှိ ဓာတ်ဆီပုံးကို ကျော်မျိုးဦးကရွှေ့စဉ် အဖုံးပွင့်မှောက်ကျခဲ့ရာမှ တဲအောက်တွင်ဖို ထားသည့် မီးဖိုပေါ်သို့ ဖိတ်ကျစဉ် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

မီးလောင်ဒဏ်ရာရရှိသူများကို ကိုင်းကြီးကျေးရွာသို့ သယ်ယူစဉ် ဦးအောင်ဝင်း(၅၄ နှစ်)မှာ ဒဏ်ရာများဖြင့်သေဆုံးခဲ့သောကြောင့် မီးပေါ့ဆစွာအသုံးပြုသူ ကျော်မျိုးဦး ၂၈ နှစ်ကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။

ဥသျှစ်ပင်နယ်မြေရဲစခန်းက(ပ)၁၃၈/၁၉ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄ - က/၂၈၅ အရ နိုဝင်ဘာ ၂၅ ရက်တွင် အမှုဖွင့် ကာ ကျော်မျိုးဦးကို ဖမ်းဆီးရမိရေးအတွက် ဆက်လက်စုံစမ်းလျက်ရှိသည်။