ရွှေချက်လုပ်သည့်ဓာတုပစ္စည်းများ ခွင့်ပြုချက်မဲ့ သယ်ဆောင်သူသုံးဦးကို အမှုဖွင့်

ရွှေချက်လုပ်သည့်ဓာတုပစ္စည်းများ ခွင့်ပြုချက်မဲ့ သယ်ဆောင်သူသုံးဦးကို အမှုဖွင့်

ရွှေချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို ခွင့်ပြုချက်မရှိဘဲ မန္တလေး - မိုးကုတ်သွားကားလမ်းပေါ်၌ သယ်ဆောင်မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်မောင်းပါသုံးဦးကို သက်ဆိုင်ရာက အမှုဖွင့်အရေးယူထားသည်။

ဖြစ်စဉ်မှာ မန္တလေး - မိုးကုတ်သွား ကားလမ်းမပေါ်၌ သွားလာနေသည့် ရွှေယောမန်း ယာဉ်လိုင်းမှ ယာဉ်များသည် ရွှေချက်လုပ်ရာ၌ အသုံးပြုသည့် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများကို သယ်ဆောင်နေကြောင်း သတင်းအရ ရေနံ့သာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက မိုင်တိုင်အမှတ် (၃၄/၇)နှင့် (၃၅/ဝ)ကြားတွင် နိုဝင်ဘာ ၂၄ ရက် ည ၁၁ နာရီ မိနစ် ၅၀ ၌ စောင့်ဆိုင်းခဲ့ကြသည်။

ထိုသို့စောင့်ဆိုင်းနေစဉ် မန္တလေးဘက်မှ မိုးကုတ်ဘက်သို့ သပိတ်ကျင်းမြို့နယ် ညောင်ပင်သာကျေးရွာနေ ယာဉ်မောင်း ကျော်စွာစိုး ၃၆ နှစ် မောင်းနှင်ပြီး ဇေယျာစိုး ၃၆ နှစ်နှင့် မောင်ထွေး ၃၆ နှစ်တို့ လိုက်ပါလာသည့် ဒိုင်နာခဲရောင်ယာဉ်ကို ရပ်တန့် စစ်ဆေးခဲ့သည်။

အဆိုပါ ယာဉ်ပေါ်တွင် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပါဝင်သည်ဟု မသင်္ကာသဖြင့် ရဲစခန်းသို့ မောင်းနှင်ခိုင်းကာ ယာဉ်ပေါ်တွင်ပါဝင်သည့် ပစ္စည်းများအား အောက်သို့ချပြီး စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ တားမြစ်ပိတ်ပင်ထားသော ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဖြစ်သည့် HYDROGEN PEROXIDE စာတန်းပါ အပြာရောင်ပလတ်စတစ်ပုံး ၃၃ ပုံး၊ NITRIC ACID စာတန်းပါအနက်ရောင်ပလတ်စတစ် ၄၇ ပုံး၊ DECA HYDRATE စာတန်းပါ အဖြူရောင်ပီနံအိတ် ၁၀ အိတ်၊ CAUSTIC SODA FLAKE စာတန်းပါအဖြူရောင်ပီနံအိတ် ၁၀ အိတ်၊ AMMONIUM BICARBONATE စာတန်းပါ အညိုရောင်ပီနံအိတ် ၁၀ အိတ်၊ AMMONIUM CHLORIDE စာတန်းပါ အဝါရောင်ပီနံအိတ်နှစ်အိတ်တို့ကို တွေ့ရှိခဲ့သည်။

၄င်းတို့ သုံးဦးမှာ အဆိုပါ တားမြစ်ပိတ်ပင်ထားသည့် ဓာတုပစ္စည်းများကို ခွင့်ပြုချက်လိုင်စင်မရှိဘဲ လက်ဝယ် ထားရှိသယ်ဆောင်လာသဖြင့် အရေးယူပေးရန်သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။

ရေနံ့သာနယ်မြေရဲစခန်းက (ပ)၁၇၀/၁၉၊ ၂၀၁၃ ခုနှစ်၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၃၇/၃၈ အရအမှုဖွင့် အရေးယူထားသည်။