စပါးအသင်းသည် နိုဝင်ဘာ ၂၆ ရက်က အိမ်ကွင်းတွင် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အဖြစ် ဂရိကလပ် အိုလံပီယာကို့စ်နှင့် ကစားခဲ့ရာ ဦးဆောင်ဂိုးများပေးခဲ့ရသော်လည်း နောက်မှ လိုက်ကစားပြီး လေးဂိုး နှစ်ဂိုးဖြင့် အနိုင်ရကာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
အိုလံ ပီယာကို့စ်သည် ပွဲချိန် ၆၊ ၁၉ မိနစ်၌ ဦးဆောင် ဂိုးများသွင်းယူနိုင်ခဲ့ပြီး ဖိအားပေးခဲ့သည်။ စပါးအသင်းအတွက် ပထမ ချေပဂိုးကို အော် ရီယာက ပထမပိုင်းပြီးလုချိန်တွင် သွင်းယူခဲ့ သည်။ စပါးသည် ဒုတိယပိုင်း မိနစ် ၅၀ တွင် ဒုတိယချေပဂိုးရရှိခဲ့ပြီး ဟယ်ရီကိန်းက အပိုင် ကန်သွင်းပေးခဲ့သည်။
စပါးသည် ပွဲချိန် ၇၃ မိနစ်တွင် တတိယ ဂိုးရရှိခဲ့ရာ အော်ရီယာက အမှားအယွင်းမရှိ သွင်းယူခဲ့သည်။ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီ ကိန်းသည် ပွဲချိန် ၇၇ မိနစ်တွင် အီရစ်ဆန်၏ ဖန်တီးမှုမှတစ်ဆင့် စတုတ္ထဂိုး သွင်းယူပေး ခဲ့သည်။
နှစ်ဂိုး တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်အချိန် စပါးအတွက် ဒုတိယချေပဂိုးမှာ အရေးပါခဲ့ရာ ဟယ်ရီကိန်း ဂိုးသွင်းနိုင်ခဲ့ခြင်းက စပါးအသင်း ဘောကောက်ကလေးငယ်၏ အကွက်မြင်မှု ကြောင့်ဟုဆိုနိုင်သည်။ ဘောကောက် ကလေး ငယ်သည် အော်ရီယာ လက်ပစ်ဘောမြှောက် နိုင်ရန် အချိန်မဆိုင်းဘဲ ဘောလုံးကို မြန်မြန် ပစ်ပေးခဲ့သည်။ အော်ရီယာကလည်း လက်ပစ် ဘောအမြန်မြှောက်ခဲ့ပြီး လူးကပ်မိုရာ ဘောလုံး ရခဲ့ရာ ဘရာဇီးသားက ညာခြမ်းမှ တင်ပေး သည်ကို ဟယ်ရီကိန်းက သွင်းယူနိုင်ခဲ့သည်။
စပါးနည်းပြ မော်ရင်ဟိုက "ဉာဏ်ကောင်း တဲ့ ဘောကောက်ကလေးငယ်တွေကို ကျွန်တော် ချစ်ပါတယ်။ ဒီကလေးဟာ ဒီနေ့မှာ အသင်း ကိုကူညီခဲ့တယ်။ သူဟာ ပွဲကို ဖတ်နိုင် တယ်။ ပြီးတော့ ပွဲကိုလည်းနားလည်တယ်။ အသင်း အတွက် အရေးကြီးတဲ့ ဖန်တီးမှုကို သူလုပ် ပေးခဲ့တာပါ။ သူ့အတွက် အရေးပါတဲ့ အချိန် တစ်ခုပေါ့။ ဒါကို သူဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ဘူး"ဟု ပြောခဲ့သည်။
အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းမှာ နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ချန်ပီယံလိဂ် ပြိုင်ပွဲတွင် ဂိုး ၂၀ အမြန်ဆုံး ပြည့်လာသော ကစားသမားတစ်ဦး ဖြစ်ခဲ့သည်။ ဟယ်ရီကိန်း သည် ချန်ပီယံလိဂ် ၂၄ ပွဲ ကစားရုံမျှဖြင့် ဂိုး ၂၀ ပြည့်လာခဲ့သည်။ ဒယ်ပီရိုမှာ ဂိုး ၂၀ ပြည့် ရန် ၂၆ ပွဲ ကစားခဲ့ရပြီး နစ္စတယ်ရွိုင်းမှာ ၂၇ ပွဲ ကစားခဲ့ရသည်။ ဟယ်ရီကိန်းက ၎င်းတို့ အသင်း မည်မျှစွမ်းဆောင်နိုင်သည်ကို သိရှိ ထားကြောင်း ပွဲအပြီး၌ ကြုံးဝါးခဲ့သည်။ ချန်ပီ ယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်သို့ တက် ရောက်ခဲ့ပြီးနောက် နည်းပြမော်ရင်ဟို နောက် တစ်ဆင့် တက်ရောက်ခဲ့ခြင်းက အသင်းနှင့် ပရိသတ်များအပါအဝင် အားလုံးအတွက် အရေးကြီးဆုံးအရာဖြစ်ခဲ့သည်ဟု အသိပေး ပြောကြားခဲ့သည်။















