“Let It Go” ဆိုတဲ့သီချင်းနဲ့ ပရိသတ်တွေကိုဖမ်းစားနိုင်ခဲ့တဲ့ Disney ရဲ့ Frozen ဟာခြောက်နှစ်ကျော် အကြာမှာ Frozen 2 အဖြစ် ပရိသတ်တွေဆီကို ပြန်ရောက်လာခဲ့ပါပြီ။
ဇာတ်လမ်းအဖွင့်မှာအဓိကဇာတ်ကောင် Elsa နဲ့ ညီမဖြစ်သူ Anna တို့ရဲ့ ငယ်ဘဝဖြတ်သန်းမှုပုံရိပ်လေးနဲ့စတင်ပြီးဖခင်ဖြစ်သူဘုရင်ကြီးAgarrပြောပြတဲ့ပုံပြင်တစ်ပုဒ်ကနေအစချီပြီး Frozen ဒုတိယပိုင်းဆက်ဖို့ ဖြစ်လာခဲ့ပါတယ်။ ပထမဇာတ်လမ်းက Elsa, Anna, Sven, Kristoff နဲ့ ပရိသတ်သဘောအကျဆုံးဇာတ်ကောင်လေး Olaf လည်း ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။
ဇာတ်လမ်းကြာမြင့်ချိန်ကတော့ မိနစ် ၉၀ ကျော်ဖြစ်ပြီး Let It Go လိုမျိုး Frozen အတွက် သင်္ကေတဖြစ်စေမယ့်သီချင်း “Into The Unknown” ကိုလည်းနားဆင်ရမှာပါ။ Frozen 2 ကိုလက်ရှိမှာရုံတင်ပြသနေပြီးထွက်ခဲ့သမျှ Animation ကားတွေထဲမှာအဖွင့်ဝင်ငွေအကောင်းဆုံးရုပ်ရှင်ဖြစ်နေပါတယ်။ Frozen 2 ဟာတစ်ကမ္ဘာလုံးမှာ Box Office ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၅၀.၂ သန်းရရှိထားပါတယ်။
ဒီဝင်ငွေဟာရှေ့မှာ Disney ထွက်ခဲ့တဲ့ The Lion King နဲ့ Toy Story 4 တို့ကိုတောင် ကျော်လွန်သွားတာ ဖြစ်ပါတယ်။ Frozen 2 ကိုအမေရိကန်ဒေါ်လာ ၁ ဘီလီယံရဖို့အထိခန့်မှန်းထားကြတာဖြစ်ပါတယ်။

















