လီဝမ်ဒေါ့စကီး ချန်ပီယံလိဂ် စံချိန်နှစ်ခုပိုင်ဆိုင်

လီဝမ်ဒေါ့စကီး ချန်ပီယံလိဂ် စံချိန်နှစ်ခုပိုင်ဆိုင်

ဘိုင်ယန်မြူနစ်အဓိကတိုက်စစ်မှူး လီဝမ်ဒေါ့စကီးသည် နိုဝင်ဘာ ၂၆ ရက်က ဘဲလ်ဂရိတ်နှင့် ချန်ပီယံလိဂ် အုပ်စုပွဲတွင် တစ်ဦးတည်း လေးဂိုး သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ချန်ပီယံလိဂ် စံချိန်နှစ်ခု ပိုင်ဆိုင်ခဲ့ ကြောင်း သိရသည်။

ဘိုင်ယန်မြူးနစ် သည် ဘဲလ်ဂရိတ်ပွဲ၌ ပထမပိုင်းအပြီး ဂေါ်ရက်ဇကာ၏ ဂိုးဖြင့် တစ်ဂိုး ဂိုးမရှိ ဦးဆောင်ခဲ့သည်။ လီဝမ်ဒေါ့စကီး သည် ပွဲချိန် ၅၃ မိနစ်တွင် ပင်နယ်တီ မှတစ်ဆင့် အသင်းအတွက် ဒုတိယ ဂိုးသွင်းယူခဲ့သည်။ ၎င်းသည် ပွဲချိန် ၆၀၊ ၆၄၊ ၆၇ မိနစ်၌ ဂိုးများထပ်သွင်း ခဲ့သည်။

ဘိုင်ယန်အတွက် အပိတ်ဂိုး ကို တိုလစ်ဆိုက ပွဲချိန် ၈၉ မိနစ်တွင် သွင်းယူခဲ့၍ ဂိုးပြတ်နိုင်ခဲ့သည်။

လီဝမ်ဒေါ့စကီးသည် ပွဲချိန် ၁၄ မိနစ်နှင့် ၃၁ စက္ကန့်အတွင်း လေးဂိုး သွင်းယူနိုင်ခဲ့ရာ ချန်ပီယံလိဂ်ပြိုင်ပွဲ ၌ အချိန်အမြန်ဆုံးဖြင့် လေးဂိုးသွင်း နိုင်ခဲ့သော ကစားသမားအဖြစ် စံချိန် မှတ်တမ်းရခဲ့သည်။ ထို့ပြင် ၎င်းသည် ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ၏ ချန်ပီယံလိဂ်စံချိန် တစ်ခုကို လိုက်မီ ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ၌ စုစုပေါင်း လေးဂိုးစီ နှစ်ပွဲ သွင်းနိုင်ခဲ့ပြီဖြစ်သည်။

လီဝမ်ဒေါ့စကီးသည် ချန်ပီယံလိဂ် ဟက်ထရစ် ရှစ်ကြိမ်စီရထားသော မက်ဆီနှင့် စီရိုနယ်ဒိုတို့ပြီးနောက် ချန်ပီယံလိဂ် ဟက်ထရစ်သုံးကြိမ် ရရှိ လာခဲ့သည်။

လီဝမ်ဒေါ့စကီးသည် ယခုနှစ် ရာသီတွင် ပွဲ ၂၀ ကစားထားရာ ၂၇ ဂိုးအထိ သွင်းယူထားပြီး ဘွန်ဒက်လီဂါ ၌ ၁၆ ဂိုး သွင်းယူထားသည်။ ၎င်းသည် ယခုနှစ် ချန်ပီယံလိဂ်၌ ၁၀ ဂိုးနှင့် ဂျာမန်ပိုကယ်ဖလားတွင် တစ်ဂိုး သွင်း ယူထားကြောင်း သိရသည်။



ဖတ်ရှုမှုအများဆုံး