ထိုင်း၌ သမင်တစ်ကောင် ပလတ်စတစ်အမှိုက်များစားပြီးနောက် သေဆုံး

ထိုင်း၌ သမင်တစ်ကောင် ပလတ်စတစ်အမှိုက်များစားပြီးနောက် သေဆုံး

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ အမျိုးသားဥယျာဉ်တစ်ခု၌ သေဆုံးခဲ့သည့် သမင်တစ်ကောင်၏ဝမ်းဗိုက်ထဲတွင် အမှိုက် ၇ ကီလိုဂရမ်( ၁၅ ပေါင်) ကိုတွေ့ရှိခဲ့ကြောင်း ဥယျာဉ်ထိန်းသိမ်းစောင့်ရှောက်ရေး အရာရှိများက ပြောဆိုခဲ့သည်။

သမင်ထီး၏ဝမ်းဗိုက်ထဲတွင် အမျိုးသားအတွင်းခံဘောင်းဘီများ၊ ပလတ်စတစ်အိတ်များ၊ အသင့်ဖျော်ကော်ဖီအိတ်ငယ်များ၊ ပလတ်စတစ်ကြိုးစများကို တွေ့ရှိခဲ့သည်။ သမင်သည် မသေဆုံးမီရက်အနည်းငယ်အလိုတွင် ပလတ်စတစ်များကို စားသုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း ခွန်ဆာသန်အမျိုးသားဥယျာဉ်အရာရှိတစ်ဦးကပြောဆိုခဲ့သည်။ယခုနှစ်အစောပိုင်းတွင်လည်း ရေဝက်ပေါက်တစ်ကောင် ပလတ်စတစ်များစားသုံးပြီးနောက် သေဆုံးခဲ့သည်။

ယင်းရေနေသတ္တဝါကို ကယ်တင်ရန် ကြိုးပမ်းမှုကို ထိုင်းတစ်နိုင်ငံလုံးက စောင့်ကြည့်ခဲ့သည်။ သို့သော် ပလတ်စတစ်အမှိုက်များက အစာအိမ်တွင်းပိတ်မိနေခဲ့ခြင်းကြောင့် ကယ်တင်ရန်မဖြစ်နိုင်တော့ဘဲ ၎င်းသေဆုံးခဲ့သည်။

နိုဝင်ဘာ ၂၅ ရက်တွင် ကင်းလှည့်လည်နေသည့် ဥယျာဉ်အရာရှိတစ်ဦးသည် နိုင်ငံမြောက်ပိုင်း နာနွိုင်ခရိုင်ရှိ ခွန်ဆာသန်အမျိုးသားဥယျာဉ်ထဲတွင် လဲကျနေသည့် အသက် ၁၀ နှစ်အရွယ် သမင်ထီးတစ်ကောင်ကို တွေ့ရှိခဲ့သည်။ ၎င်းသေဆုံးပြီးနောက် စစ်ဆေးကြည့်ခဲ့ရာ ပလတ်စတစ်အမှိုက်များ၊ရာဘာလက်အိတ်များ၊ အသင့်စားခေါက်ဆွဲခြောက်များနှင့် မျက်နှာသုတ်ပဝါငယ်တစ်ခုတို့ကိုလည်း တွေ့ရှိခဲ့သည်။

ပလတ်စတစ်အမှိုက်များကို စားသုံးနေခဲ့ခြင်းဖြစ်နိုင်ကြောင်း ဥယျာဉ်အုပ်ချုပ်ရေးအဖွဲ့အကြီးအကဲ ခရီယံဆက် သာနွမ်ပန်က ပြောဆိုခဲ့သည်။

ဥယျာဉ်သို့လာရောက်ရင်း အမှိုက်ပစ်ခဲ့သူများကို လူမှုမီဒီယာတွင် ဝေဖန်မှုများရှိနေပြီဖြစ်သည်။ ဥယျာဉ်တွင်းနှင့် ဥယျာဉ်နားတစ်ဝိုက်ရှိနေရာများတွင် ဒေသခံများအား ပလတ်စတစ်နှင့် အခြားအမှိုက်များကို ကောက်ယူစုဆောင်းစေရန် ပန်ကြားခြင်းအပါအဝင် အဆင့်သုံးဆင့်ရှိသည့် အစီအစဉ်ကို ချမှတ်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ခရီယံဆက်ကပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံသည် ပလတ်စတစ်အမှိုက်အများဆုံးအသုံးပြုနေသည့် နိုင်ငံများတွင် ပါဝင်နေသည်။ ထိုင်းနိုင်ငံ၌ နှစ်စဉ်နှစ်တိုင်း ပလတ်စတစ်အိတ် ၇၅ ဘီလျံခန့်ကို စွန့်ပစ်နေကြောင်း သဘာဝပတ်ဝန်းကျင်အဖွဲ့ ဂရင်းပိစ်က ပြောဆိုခဲ့သည်။