ငြိမ်းချမ်းရေးကြိုးပမ်းခဲ့မှုအတွက် ထိုင်းဗုဒ္ဓဘာသာဘုန်းတော်ကြီးနှစ်ပါးကို ယူနက်စကို ဂုဏ်ပြု

ငြိမ်းချမ်းရေးကြိုးပမ်းခဲ့မှုအတွက် ထိုင်းဗုဒ္ဓဘာသာဘုန်းတော်ကြီးနှစ်ပါးကို ယူနက်စကို ဂုဏ်ပြု

ငြိမ်းချမ်းရေးရရှိအောင် အားထုတ်ကြိုးပမ်းခဲ့သည့်အတွက် ထိုင်းဗုဒ္ဓဘာသာဘုန်းတော်ကြီးနှစ်ပါးအား ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့( ယူနက်စကို) က အသိအမှတ်ပြုလိုက်ပြီဖြစ်သည်။

ပျံလွန်တော်မူသွားပြီဖြစ်သည့် ဖရားအာချန်း မန်ဖူရီပတ္တိုနှင့် ဒသမမြောက် သံဃနာယကဆရာတော် ဆွမ်ဒတ် ဖရား မဟာသမနာချောင် ခရွမ်ဖရားယာ ဝဇီရယာနဝါရိုရွတ်တို့အား ယူနက်စကို၏ ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် နာမည်ကျော်ပုဂ္ဂိုလ်များနှင့် အဖြစ်အပျက်များဆိ်ုင်ရာပြက္ခဒိန်တွင် ထည့်သွင်းဖော်ပြရန် ပြင်သစ်နိုင်ငံ ပါရီမြို့၌ နိုဝင်ဘာ ၂၄ ရက်တွင် ပြုလုပ်ခဲ့သည့် အကြိမ် ၄၀ မြောက် ယူနက်စကိုအထွေထွေညီလာခံ၌ ဆုံးဖြတ်ခဲ့သည်။

၁၈၇၀ ပြည့်နှစ် ဇန်နဝါရီ ၂၀ ရက်တွင် ဆီမောင်မိုင်ခရိ်ုင်ရှိ ကျေးရွာတစ်ရွာ၌ ဖွားမြင်ခဲ့သည့် ဖရားအာချန်းသည် လူအမည် မန် ခါယန်ကောက်ကို စွန့်လွှတ်ပြီး အသက် ၁၅ နှစ်အရွယ်တွင် သာသနာဘောင်ဝင်ခဲ့သည်။ ဝပ်ဘန်ခန်ခမ်ဘွန်ဘုန်းတော်ကြီးကျောင်း၌ နှစ်အနည်းငယ် ပညာသင်ယူခဲ့ပြီးနောက် မိသားစုကိုရှာဖွေကျွေးမွေးနိုင်ရန် လူထွက်ခဲ့ရသည်။

သို့သော် နောက်ပိုင်းတွင် ဘုန်းတော်ကြီးတစ်ပါးနှင့် ဆုံမိပြီး ဗုဒ္ဓဘာသာကျမ်းစာများကို ဆက်လက်သင်ယူခဲ့သည်။ အသက် ၂၃ နှစ်အရွယ်တွင် သာသနာ့ဘောင်ပြန်ဝင်ခဲ့ပြီး ဓမ္မလမ်းစဉ်အတိုင်း ဆက်လက်ကျင့်သုံးခဲ့သည်။ နောက်ပိုင်းတွင် ဆရာတော်၏ ဝိပဿနာအခြေခံသည့် ကျင့်စဉ်များကို လိုက်လံကျင့်ကြံသူများပြားလာခဲ့သည်။ ဆရာတော်သည် ၁၉၄၉ ခုနှစ် သက်တော် ၇၉ နှစ်တွင် ပျံလွန်တော်မူခဲ့သည်။

ဆွမ်ဒတ် ဖရား မဟာသမနာချောင် ခရွမ်ဖရားယာ ဝဇီရယာနဝါရိုရွတ်သည် စတုတ္ထမြောက် ရာမဘုရင်၏သားတော်တစ်ပါးဖြစ်ပြီး ၁၈၆၀ ပြည့်နှစ် ဧပြီ ၁၂ ရက်တွင် ဖွားမြင်ခဲ့သည်။ အသက် ၁၃ နှစ်အရွယ်တွင် သာသနာ့ဘောင်ဝင်ရန် ပြင်ဆင်မှုအဖြစ် အသက် ရှစ်နှစ်အရွယ်ကတည်းက ဗုဒ္ဓဘာသာကျမ်းစာများကို သင်ယူခဲ့သည်။ ၁၈၇၉ ခုနှစ် ဇွန် ၂၇ ရက် သက်တော် ၂၀ အရွယ်တွင် ရဟန်းဘဝသို့ရောက်ရှိခဲ့သည်။ နှစ်ပေါင်း ၃၃ နှစ်အကြာတွင် သံဃနာယကဆရာတော်ဖြစ်လာခဲ့သည်။ သံဃနာယကဆရာတော်အဖြစ် ၁၀ နှစ်နှင့် ခုနစ်လတာဝန်ထမ်းဆောင်ပြီးနောက် သက်တော် ၆၁ နှစ်အရွယ်တွင် ပျံလွန်တော်မူခဲ့သည်။