ဆီးဂိမ်းအတွက် ကြိုတင်ပြင်ဆင်မှုညံ့ဖျင်းသဖြင့် ဖိလစ်ပိုင် ဝေဖန်ခံရ

ဆီးဂိမ်းအတွက် ကြိုတင်ပြင်ဆင်မှုညံ့ဖျင်းသဖြင့် ဖိလစ်ပိုင် ဝေဖန်ခံရ

ဖိလစ်ပိုင်နိုင်ငံ၌ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ( ဆီးဂိမ်း)ကို နိုဝင်ဘာ ၃၀ ရက်တွင် ဖွင့်ပွဲကျင်းပမည်ဖြစ်သော်လည်း နိုင်ငံရပ်ခြားအားကစားသမားများအား သယ်ယူပို့ဆောင်ရာတွင် လွဲချော်ခြင်း၊ ဘောလုံးသမားများ လမ်းမများပေါ်တွင် လေ့ကျင့်နေရခြင်းနှင့် သန့်စင်ခန်းအကန့်ငယ်တစ်ခုထဲတွင် အိမ်သာကမုတ်နှစ်ခုထားရှိခြင်းတို့အပါအဝင် အားနည်းချက်များရှိနေသည့်အတွက် ဝေဖန်မှုများရှိနေပြီဖြစ်သည်။

လူသိထင်ရှားအဖြစ်ဆုံးမှာ မပြီးစီးသေးသည့် အားကစားရုံတစ်ဝိုက်တွင် ငြမ်းများကို မြင်တွေ့နေရခြင်းနှင့် ဆေးမသုတ်ရသေးသည့် သစ်သားများဖြင့် ဆောက်လုပ်ထားသော ယာယီသတင်းစာရှင်းခန်းတို့ဖြစ်သည်။ နိုဝင်ဘာ ၂၄ ရက်တွင် လေဆိပ်သို့ရောက်ရှိလာသည့် ဘောလုံးအသင်းများသည် လေဆိပ်တွင် သောင်တင်နေပြီး ဟိုတယ်များသို့ ရောက်ရှိရန် နာရီပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသည်။

ထိုင်းအမျိုးသားဘောလုံးအသင်းမှ အားကစားသမားများသည် လေ့ကျင့်ကွင်းမှာ တည်းခိုနေသည့် ဟိုတယ်နှင့် ဝေးကွာလွန်းသဖြင့် ဟိုတယ်နားရှိ လမ်းမများပေါ်တွင် လေ့ကျင့်မှုများကို ပြုလုပ်နေရကြောင်း အသင်းနည်းပြက ဘန်ကောက်ပို့စ်သို့ပြောဆိုခဲ့သည်။

၂၀ဝ၅ ခုနှစ်တွင် မနီလာ၌ ပြုလုပ်ခဲ့သည့် အားကစားပြိုင်ပွဲအတွက် ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သည့် မိုနီကို ပူယန်တဲဗယ်လာကလည်း ယခုဆီးဂိမ်းအတွက် ပြင်ဆင်မှုများကို ဝေဖန်ပြောဆိုခဲ့သည်။ အခြားနိုင်ငံများတွင် ပြုလုပ်ခဲ့သည့်  ဆီးဂိမ်း၊ အာရှအားကစားပြိုင်ပွဲများ၊ အိုလံပစ်ပြိုင်ပွဲများသို့ရောက်ရှိခဲ့ဖူးပြီး ယခုလောက်ဆိုးရွားသည်ကို မကြုံခဲ့ဖူးကြောင်း ၎င်းကပြောဆိုခဲ့သည်။

ကလာ့ခ်၊ မနီလာနှင့် ဆူဘစ်တို့၌ ဒီဇင်ဘာ ၁၁ ရက်အထိ နေရာများစွာတို့၌ အားကစားနည်း ၅၆ မျိုးတွင် ယှဉ်ပြိုင်မှုများပြုလုပ်မည်ဖြစ်သည်။ သို့သော် မနီလာ၌ ယာဉ်ကြောထူထပ်ခြင်းနှင့် အားကစားခန်းမတစ်ခုနှင့်တစ်ခုကြား မော်တော်ကားဖြင့်သွားလျှင် နာရီပေါင်းများစွာကြာမြင့်မည့် အခြေအနေတို့ရှိနေသည့်အတွက် ဝေဖန်မှုများလည်းရှိနေခဲ့သည်။

မနီလာမြို့လယ်ရှိ ရီဇော်အားကစားရုံကို ပြန်လည်ပြုပြင်သည်မှာ မပြီးစီးသေးဘဲ ငြမ်းနှင့်ဆောက်လုပ်ရေးဝန်ထမ်းများကို မြင်တွေ့နေရဆဲဖြစ်သည်။