နျူကလီးယားလက်နက်များအသုံးပြုမှုကိုသာမက လက်ဝယ်ထားရှိခြင်းကိုပင် ကိုယ့်ကျင့်တရားနှင့်မညီသော လုပ်ရပ်ဖြစ်သည်ဟု သတ်မှတ်ချက်ကို ကက်သလစ်ဘုရားကျောင်းတော်၏ လမ်းညွှန်စာအုပ်တွင် ထည့်သွင်းမည်ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ဂျပန်နိုင်ငံရှိ ဒုတိယကမ္ဘာစစ်အတွင်း အဏုမြူဗုံးဒဏ်ခံခဲ့ရသော ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့များသို့သွားရောက်ပြီးနောက် နိုဝင်ဘာ ၂၆ ရက်တွင် ပြောဆိုခဲ့သည်။
၁၉၄၅ ခုနှစ်တွင် အမေရိကန်က အဏုမြူဗုံးဖြင့် တိုက်ခိုက်မှုကြောင့် ယင်းမြို့နှစ်မြို့တွင် လူ ၂၂၄၀ဝ၀ ဦးသေဆုံးခဲ့သည်။ကက်သလစ်ဘုရားကျောင်းတော်လမ်းညွှန်စာအုပ်တွင် ယုံကြည်သူများလိုက်နာရမည့် စည်းမျဉ်းများကို ဖော်ပြထားသည်။
နျူလက်နက်အသုံးပြုမှုသည် ကိုယ်ကျင့်တရားနှင့်မညီသော လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီးဖြစ်ကာ ယခုအချိန်တွင် ယင်းလက်နက်များလက်ဝယ်ထားရှိမှုကိုလည်း အလားတူလုပ်ရပ်အဖြစ်သတ်မှတ်ရမည်ဖြစ်ကြောင်း ဖရန်စစ်ကပြောဆိုခဲ့သည်။ သေဒဏ်စီရင်မှုကိုလည်း အလားတူအပြုအမူအဖြစ် ပုပ်ရဟန်းမင်းကြီးက ၂၀၁၈ ခုနှစ်တွင် သတ်မှတ်ခဲ့ပြီးဖြစ်သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများသည် နျူကလီးယားလက်နက်လျှော့ချရေးအတွက် ထိရောက်အောင် လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ကြောင်း ဖရန်စစ်က ဝေဖန်ပြောဆိုခဲ့သည်။ လက်နက်ထုတ်လုပ်သူများသည် ကြောင်သူတော်ဆန်သူများဖြစ်ကြပြီး ၎င်းတို့သည် ငြိမ်းချမ်းရေးစကားဆိုသော်လည်း လက်နက်အတွက် အသက်ရှင်နေသောကြောင့် ကြောင်သူတော်ဆန်လှကြောင်း ၎င်းကပြောဆိုခဲ့သည်။
နိုင်ငံတစ်နိုင်ငံသည် လက်နက်ထုတ်လုပ်မှုအပေါ် စီးပွားရေးအရ မှီခိုနေရသောကြောင့် ငြိမ်းချမ်းရေးစကားမဆိုနိုင်ကြောင်း ရဲဝံ့စွာ ဖွင့်ဟနိုင်ရမည်ဟု ပုပ်ရဟန်းမင်းကြီးကပြောဆိုခဲ့သည်။ နျူစွမ်းအင်နှင့်ပတ်သက်၍မူ ဖရန်စစ်က လုံးဝဖျက်သိမ်းရန်မပြောဆိုခဲ့ဘဲ တဖြည်းဖြည်းရပ်ဆိုင်းနိုင်ရေးလုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
တရုတ်နိုင်ငံသို့ သွားရောက်ရန် ဆန္ဒရှိကြောင်းလည်း ဖရန်စစ်က ဖွင့်ဟပြောဆိုခဲ့သည်။

















