အယ်ဘေးနီးယားနိုင်ငံတွင် နိုဝင်ဘာ ၂၆ ရက်ညပိုင်းက အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် ၂၀ ဦးထက်မနည်း သေဆုံးကာ လူ ၆၀ဝ ကျော် ဒဏ်ရာရရှိခဲ့သည်။
ပြင်းအား ၆ ဒသမ ၄ အဆင့်ရှိ ငလျင်သည် မြို့တော် တီရာနာ အနောက်မြောက်ဘက် ၂၁ မိုင်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့သည်။ ငလျင်ဗဟိုချက်နှင့် အနီးဆုံးဖြစ်သော ဒါရတ်စ်နှင့် သူမိန်း ကမ်းရိုးတန်းမြို့များတွင် သေဆုံး၊ ပျက်စီးမှု အများဆုံးဖြစ်ကြောင်း သိရသည်။ ငလျင်ဘေးကြောင့် နေအိမ်ပျက်စီးခဲ့သူများအတွက် ယာယီတဲများကို အစိုးရက ဆောက်လုပ်ပေးထားသည်။
ငလျင်ကြောင့် ပြိုကျပျက်စီးသည့် အဆောက်အဦများအောက်တွင် သက်ရှင်ကျန်ရစ်သူများ ရှိနေနိုင်သည့်အတွက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို အဆုံးထိ ဆောင်ရွက်သွားမည်ဟု ဝန်ကြီးချုပ် အက်ဒီ ရာမာက ကတိပေးထားသည်။ နိုဝင်ဘာ ၂၇ ရက်ကိုလည်း နိုင်ငံတော် ဝမ်းနည်းအထိမ်းအမှတ်နေ့အဖြစ် အစိုးရက သတ်မှတ်ကြေညာထားသည်။
အီတလီ၊ ဂရိနှင့် ရိုမေးနီးယားတို့မှ ရှာဖွေကယ်ဆယ်ရေး အဖွဲ့များလည်း စေလွှတ်ထားကြောင်း ဥရောပကော်မရှင်က ကြေညာသည်။ ကိုဆိုဗိုနှင့် မွန်တီနီဂရိုးတို့မှ ကယ်ဆယ်ရေးအဖွဲ့များလည်း ရောက်ရှိနေပြီဖြစ်သည်။ နိုဝင်ဘာ ၂၆ ရက် ငလျင်သည် အယ်ဘေးနီးယားတွင် နှစ်လေးဆယ်အတွင်း အပြင်းထန်ဆုံးဖြစ်သည်။ သူမိန်းမြို့တွင် ငါးထပ်တိုက်တစ်လုံး ပြိုကျခဲ့သည်။
ငလျင်လှုပ်ကာ ကားလမ်းမြေသား နှစ်ခြမ်းကွဲစဉ် ယာဉ်တိမ်းမှောက်ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။ ငလျင်လှုပ်စဉ် ကြောက်လန့်တကြား ပြတင်းတံခါးမှ ခုန်ချသော အမျိုးသားတစ်ဦးလည်း သေဆုံးခဲ့သည်။ ကနဦး သတင်းရရှိမှုများအပေါ် အခြေခံကာ သေဆုံးနှင့် ဒဏ်ရာရ စာရင်းများ ပြုစုထားခြင်းဖြစ်သောကြောင့် စာရင်းများ ထပ်တိုးကောင်း တိုးလာနိုင်ကြောင်းလည်း အယ်ဘေးနီးယား အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ကြေညာထားသည်။
အယ်ဘေးနီးယားတည်ရှိသည့် ဘော်လ်ကန်ဒေသသည် ငလျင်ကြောပေါ်တည်ရှိပြီး မြေသားလှုပ်ရှားမှု များပြားသော ဒေသဖြစ်သည်။ ၁၉၇၉ ခုနှစ်က ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိ ငလျင်ကြောင့် အယ်ဘေးနီးယားတွင် ၁၃၆ ဦး သေဆုံးကာ လူ ၁၀ဝ၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

















