မာလီ၌ စစ်ဘက် ရဟတ်ယာဉ်နှစ်စင်း ဝေဟင်တွင် တိုက်မိ၊ ပြင်သစ် စစ်သည် ၁၃ ဦး သေဆုံး

မာလီ၌ စစ်ဘက် ရဟတ်ယာဉ်နှစ်စင်း ဝေဟင်တွင် တိုက်မိ၊ ပြင်သစ် စစ်သည် ၁၃ ဦး သေဆုံး

မာလီနိုင်ငံ၌ အိုင်အက်စ် အကြမ်းဖက်အဖွဲ့များကို နှိမ်နင်းနေသော ပြင်သစ်တပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ရဟတ်ယာဉ်နှစ်စင်း ဝေဟင်တွင် တိုက်မိမှုကြောင့် စစ်သည် ၁၃ ဦး သေဆုံးကြောင်း ပြင်သစ်အစိုးရက နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ပြောကြားသည်။

စစ်သည်များ သေဆုံးရမှုအတွက် များစွာဝမ်းနည်းရကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မာခရွန်က ပြောသည်။ ၁၉၈၃ ခုနှစ်က လက်ဘနွန်တွင် ကားဗုံးခွဲ တိုက်ခိုက်မှုကြောင့် ပြင်သစ် စစ်သည် ၅၈ ဦး သေဆုံးပြီးနောက်ပိုင်း ယခုရဟတ်ယာဉ်ပျက်ကျမှုသည် သေဆုံးမှု အများဆုံးဖြစ်သည်။ နိုင်ဂျာနှင့်နယ်စပ် မာလီဘက်ခြမ်း လစ်တာကိုဒေသတွင် လမိုက်ည၌ စစ်ဆင်ရေး ဆောင်ရွက်နေသော ပြင်သစ် ကွန်မန်ဒိုများကို ထောက်ပို့ဆောင်ရွက်ပေးစဉ် ရဟတ်ယာဉ်နှစ်စင်း ဝေဟင်တွင် တိုက်မိကာ လိုက်ပါသူအားလုံး သေဆုံးခဲ့ရခြင်းဖြစ်သည်။

ရဟတ်ယာဉ်များသည် အမှောင်ထုကို အားပြုကာ လျှို့ဝှက်ပျံသန်းစဉ် တိုက်မိခဲ့ခြင်းဖြစ်သည်။ ရဟတ်ယာဉ်နှစ်စင်းလုံး၏ ပျံသန်းမှု မှတ်တမ်းတင်စက်များကို ရှာဖွေတွေ့ရှိထားပြီး စစ်ဆေးလျက်ရှိကြောင်း ပြင်သစ် ကာကွယ်ရေးဝန်ကြီး ဖလောရန့် ပါလီက ပြောသည်။

ဂရိတ်တား ဆာဟာရ ဒေသတွင် ပြင်သစ်တပ်ဖွဲ့များသည် အိုင်အက်စ်  အကြမ်းဖက်အဖွဲ့များကို လိုက်လံချေမှုန်းလျက်ရှိကြောင်း ပြင်သစ် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဖရန်ဆွာ လီကွန်ထရီက ပြောသည်။ အာဖရိက အနောက်ပိုင်းနှင့် အလယ်ပိုင်းတွင် အိုင်အက်စ်  အကြမ်းဖက်အဖွဲ့များ ချေမှုန်းရေးအတွက် ပြင်သစ် တပ်ဖွဲ့ဝင် ၄၅၀ဝ ချထားသည်။ မာလီ မြောက်ပိုင်းမြို့အများအပြားကို အကြမ်းဖက်အဖွဲ့များ သိမ်းပိုက်မှုကြောင့် ၂၀၁၃ ခုနှစ်က စတင်ပြီး ပြင်သစ်တပ်ဖွဲ့များ မာလီ၌ စစ်ရေးကူညီလျက်ရှိသည်။

အိုင်အက်စ်  အကြမ်းဖက်အဖွဲ့များသည် ပြည်ပတပ်ဖွဲ့များနှင့် ဆက်စပ်သူများကို ပစ်မှတ်ထားလျက်ရှိပြီး ကနေဒါ သတ္တုတွင်းလုပ်သားများ လိုက်ပါလာသည့် ယာဉ်တန်းကို ခြုံခိုတိုက်ခိုက်မှုကြောင့်လည်း ၃၈ ဦးထိ သေဆုံးခဲ့ရဖူးသည်။ ပြင်သစ်တပ်ဖွဲ့များ ထိုးစစ်ကြောင့် အကြမ်းဖက်အဖွဲ့များသည် သဲကန္တာရအတွင်းသို့ ဆုတ်ခွာသွားကာ တောင်ပိုင်းသို့ဆင်းပြီး အဖွဲ့ပြန်စုစည်းကာ လူနေထူထပ်သည့် ဧရိယာများကို ထပ်မံပစ်မှတ်ထားလျက် ရှိနေသည်။

၂၀၁၃ နောက်ပိုင်း မာလီ စစ်ဆင်ရေးများအတွင်း ပြင်သစ် တပ်ဖွဲ့ဝင် ၄၄ ဦး သေဆုံးခဲ့သည်။