အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို စွပ်စွဲပြစ်တင် ဖြုတ်ချရေးအတွက် အောက်လွှတ်တော် တရားရေးကော်မတီ၌ ကြားနာပွဲကို ဒီဇင်ဘာ ၄ ရက်တွင် ကျင်းပမည်ဖြစ်ရာ သမ္မတ ထရမ့်နှင့်အဖွဲ့ တက်ရောက်နိုင်ကြောင်း ကော်မတီက နိုဝင်ဘာ ၂၆ ရက်တွင် ဖိတ်ကြားထားသည်။
သမ္မတ ထရမ့်အနေဖြင့် ကြားနာပွဲသို့ မဖြစ်မနေ တက်ရောက်ရန် မလိုအပ်သော်လည်း လွှတ်တော်ကြားနာမှုများသည် မျှတမှုမရှိဟု ထရမ့်၏ တရားရေးကိုယ်စားလှယ်အဖွဲ့က ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း ဝေဖန်ခဲ့မှုကြောင့် ကော်မတီက ပွင့်လင်းမြင်သာစွာ ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။ သမ္မတ ထရမ့်ကို ဆန့်ကျင်ထွက်ဆိုသည့် သက်သေများကို မိမိတို့အနေဖြင့် တန်ပြန်မေးခွန်းထုတ်ခွင့် မရသဖြင့် ကြားနာပွဲသည် မမျှတဟု အိမ်ဖြူတော်က ဝေဖန်ခဲ့သည်။
အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီသည်လည်း ယူကရိန်းကို အသုံးချကာ သမ္မတ ထရမ့်သည် နိုင်ငံရေးပြိုင်ဘက် ဂျိုးဘိုင်ဒန်ကို အသာစီးယူရန် ကြိုးပမ်းခဲ့ခြင်း ရှိ မရှိကို ပြီးခဲ့သည့် သီတင်းပတ်များအတွင်း သက်သေများအား တံခါးပိတ်စစ်ဆေးခြင်း၊ ရုပ်သံဖြင့် အဝေးရောက်စစ်ဆေးခြင်းများ ပြုခဲ့ပြီး ရလဒ်များကို ဒီဇင်ဘာ ၃ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ရန် ရှိနေသည်။ ထိုအစီရင်ခံစာအပေါ် အခြေခံကာ အောက်လွှတ်တော် တရားရေးကော်မတီသည် သမ္မတ ထရမ့်ကို စွပ်စွဲပြစ်တင်သင့် မသင့်ကို ဆုံးဖြတ်ရန်ရှိပြီး စွပ်စွဲပြစ်တင်ရေး မဲခွဲမည်ဟု ဆုံးဖြတ်ပါက ဒီဇင်ဘာ လလယ်ပိုင်းတွင် အောက်လွှတ်တော်၌ မဲခွဲနိုင်ခြေရှိကြောင်း သိရသည်။
ဒီဇင်ဘာ ၄ ရက် ကြားနာပွဲသို့ တက်ရောက်ရန် ရှိ မရှိကို ဒီဇင်ဘာ ၁ ရက် ညနေ ၆ နာရီ နောက်ဆုံးထားပြီး သမ္မတ ထရမ့်က အကြောင်းပြန်ရန်လည်း ကော်မတီက သတ်မှတ်ထားသည်။ အကယ်၍ ထရမ့်ကိုယ်စား တက်ရောက်မည့်သူ ရှိပါကလည်း အမည်စာရင်းပေးရန် ညွှန်ကြားထားသည်။
သမ္မတ ထရမ့်၏ တရားရေးကိုယ်စားလှယ်အဖွဲ့အနေဖြင့် ဒီဇင်ဘာ ၄ ရက် ကြားနာပွဲတွင် သက်သေများကို မေးခွန်းထုတ်ခွင့် ရရှိမည်ဖြစ်ကြောင်း အောက်လွှတ်တော် တရားရေးကော်မတီ ဒီမိုကရက်တစ် ဥက္ကဋ္ဌ ဂျာရို နတ်ဒလာက ပြောသည်။
ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာ သန်းလေးရာကျော် လွှတ်တော်က ချထားပေးခဲ့သည့်တိုင် သမ္မတ ထရမ့်က ဆိုင်းငံ့ထားစေပြီး နိုင်ငံရေးပြိုင်ဘက် ဂျိုးဘိုင်ဒန် ဒုသမ္မတအဖြစ် ထမ်းဆောင်စဉ် သားဖြစ်သူ ဟန်တာ ဘိုင်ဒန် ယူကရိန်း သဘာဝဓာတ်ငွေ့ကုမ္ပဏီတွင် အလုပ်နေရာကောင်း ရခဲ့မှုသည် ရိုးသားမှု ရှိ မရှိ စုံစမ်းစစ်ဆေးပေးရန် သမ္မတ ထရမ့်က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးကို ဖုန်းဆက် ဖိအားပေးခဲ့ကြောင်း စွပ်စွဲမှုနှင့် ပတ်သက်ပြီး ကြားနာစစ်ဆေးခြင်းဖြစ်သည်။

















