ကိုကင်း သုံးတန်ကျော် တင်ဆောင်လာသည့် ရေငုပ်သင်္ဘောကို စပိန် ရဲတပ်ဖွဲ့ ဖမ်းဆီး

ကိုကင်း သုံးတန်ကျော် တင်ဆောင်လာသည့် ရေငုပ်သင်္ဘောကို စပိန် ရဲတပ်ဖွဲ့ ဖမ်းဆီး

ကိုကင်း သုံးတန်ကျော် တင်ဆောင်လာသည်ဟု ယူဆရသည့် ရေငုပ်သင်္ဘော တစ်စင်းကို စပိန်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး နိုင်ငံအနောက်မြောက်ပိုင်း ဆိပ်ကမ်းသို့ ဆွဲယူလာကာ ရေငုပ်သင်္ဘောထဲမှ ကိုကင်းများကို ထုတ်ယူသွားမည်ဖြစ်သည်။

မီတာ ၂၀ (၆၅ ပေ) ရှည်သော ရေငုပ်သင်္ဘောကို အယ်လ်ဒန်မြို့ ဆိပ်ကမ်းတွင် ကရိန်းဖြင့်မကာ ကမ်းသို့တင်ပြီးနောက် ရဲတပ်ဖွဲ့သည် ရေငုပ်သင်္ဘောအတွင်းဝင်ကာ ကိုကင်းထုပ်များကို ထုတ်ယူမည်ဟု ပွန်တီဗီဒရာပြည်နယ် အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။ နိုဝင်ဘာ ၂၄ ရက်က အယ်လ်ဒန် မြစ်လက်တက်အတွင်းသို့ ဝင်ရောက်လာသည့် ရေငုပ်သင်္ဘောကို ရဲတပ်ဖွဲ့က ထောက်လှမ်းတွေ့ရှိပြီး တားဆီးရန် ကြိုးပမ်းစဉ် ရေငုပ်သင်္ဘောနစ်မြုပ်ခဲ့သဖြင့် ရဲတပ်ဖွဲ့က ဆယ်ယူကာ ဆိပ်ကမ်းသို့ ဆွဲယူလာခြင်းဖြစ်သည်။ရေငုပ်သင်္ဘောမောင်းလာသူ နှစ်ဦးကို ဖမ်းဆီးရရှိခဲ့ပြီး သုံးဦးမြောက်မူကား လွတ်မြောက်သွားသဖြင့် ရှာဖွေလျက်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

နိုဝင်ဘာ ၂၅ ရက်က ရေငုပ်သင်္ဘောကို ပြန်ဆယ်ရန် ကြိုးပမ်းသော်လည်း ရာသီဥတုဆိုးရွားမှုကြောင့် နောက်တစ်ရက်တွင်မှ ပြန်ဆယ်နိုင်ခဲ့သည်။ ကိုကင်းများကို နိုင်ငံအတွင်းသို့ ရေငုပ်သင်္ဘောဖြင့် အလုံးအရင်း ခိုးသွင်းမှုကို ပထမဆုံးအကြိမ် ဖမ်းမိခြင်းဖြစ်ကြောင်း စပိန် အာဏာပိုင်များက ပြောသည်။ ရဲတပ်ဖွဲ့ ရေငုပ်သမားများသည် နိုဝင်ဘာ ၂၅ ရက်က ရေငုပ်သင်္ဘောအတွင်းမှ ကိုကင်းအထုပ် တစ်ထုပ်ကို သက်သေအဖြစ် ထုတ်ယူ သိမ်းဆည်းနိုင်ခဲ့သည်။

ရေငုပ်သင်္ဘောအတွင်း ကိုကင်း မက်ထရစ်တန် သုံးတန်ကျော်ခန့် ပါလာနိုင်ကြောင်း စပိန် မီဒီယာများက ခန့်မှန်းဖော်ပြနေသော်လည်း ရဲတပ်ဖွဲ့က အတည်ပြုခြင်း မရှိသေးပေ။ စပိန်ရဲတပ်ဖွဲ့သည် နိုင်ငံတကာရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ ရေငုပ်သင်္ဘောငယ်များ လှုပ်ရှားမှုကို စောင့်ကြည့်ခဲ့သဖြင့် ယခုလို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

ကိုကင်းများ သယ်ဆောင်လာသည့် ရေငုပ်သင်္ဘောသည် မည်သည့်နိုင်ငံမှဖြစ်ကြောင်း အတည်ပြုရန် စပိန် ရဲတပ်ဖွဲ့က ကြိုးပမ်းနေဆဲဖြစ်ပြီး မီဒီယာများကမူ ကိုလမ်ဘီယာမှ ဖြစ်နိုင်ကြောင်း ခန့်မှန်းဖော်ပြလျက်ရှိသည်။