အသင်းကြီးတချို့ အခက်တွေ့မယ့် ပွဲစဉ်တွေ

အသင်းကြီးတချို့ အခက်တွေ့မယ့် ပွဲစဉ်တွေ

နယူးကာဆယ် − မန်စီးတီး

စနေ၊ ည ၇းဝဝ

နယူးကာဆယ်က နိုင်ပွဲလေးတွေပြန်ရနေပါတယ်။ မန်စီးတီးကလည်း ပြီးခဲ့တဲ့ပွဲစဉ်တုန်းက ချယ်လ်ဆီးအသင်းကို အနိုင်ယူထားပြီး အသင်းရဲ့စိတ်ဓာတ်ကို ပြန်ဆွဲတင်ထားတယ်။ နယူးကာဆယ်က အိမ်ကွင်းဆိုရင် ကစားရခက်တဲ့အသင်းပါ။ အသင်းကြီးတွေကိုလည်း ခံကစားတတ်ပါတယ်။ ဒါကြောင့် အခုပွဲမှာ မန်စီးတီးအခက်တွေ့နိုင်ပါတယ်။ မန်စီးတီးနိုင်ခဲ့ရင်တောင် ဂိုးမပြတ်နိုင်ပါဘူး။

ဘန်လေ −ပဲလေ့စ်

စနေ၊ ည ၉း၃ဝ

ဘန်လေက ဂိုးသွင်းအားရှိတဲ့အသင်းပါ။ ပွဲတိုင်းနီးပါး ဂိုးသွင်းနိုင်ပါတယ်။ အလယ်အလတ်အသင်းတွေထဲမှာ ခြေစွမ်းမာကျောတဲ့အသင်းပါ။ ပဲလေ့စ်က အသင်းကြီးတွေနဲ့ဆက်တိုက်ကစားနေရပြီး ရလဒ်တွေဆိုးနေတဲ့အသင်းပါ။ တန်းတူအသင်းတွေနဲ့ဆိုရင်တော့ ပဲလေ့စ်တို့ ကစားတတ်ပါတယ်။ ဒါပေမဲ့ ဘန်လေလောက်တော့ မကောင်းပါဘူး။ အိမ်ကွင်းလည်းဖြစ်နေတော့ ဘန်လေကိုပဲ ရွေးချယ်သင့်တယ်။

ချယ်လ်ဆီး − ဝက်စ်ဟမ်း

စနေ၊ ည ၉း၃ဝ

ဒီပွဲက လန်ဒန်ဒါဘီပွဲပါ။ အရင်က ဒီအသင်းတွေ တွေ့ဆုံရင် ပွဲကောင်းဖြစ်တတ်ပါတယ်။ အခုတော့ အသင်းအနေအထားတွေက တော်တော်ကွာခြားသွားပါပြီ။ ဒါပေမဲ့ ဝက်စ်ဟမ်းက ဒါဘီပွဲဆိုရင် ရသလောက်ညှစ်ကစားတတ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ကစားခဲ့တဲ့ စပါးအသင်းနဲ့ ပွဲမှာလည်း သုံးဂိုးပြတ်ရှုံးနေတာကနေ နှစ်ဂိုးပြန်သွင်းခဲ့ပါတယ်။ အခုလည်းချယ်လ်ဆီးကို ခံကစားဦးမှာပါ။ ချယ်လ်ဆီးအခက်တွေ့စေမယ့်ပွဲပါ။

လီဗာပူး − ဘရိုက်တန်

စနေ၊ ည ၉း၃ဝ

လီဗာပူးရဲ့ခြေစွမ်းတည်ငြိမ်မှုက ပြောစရာမရှိအောင် တော်တော်ပြည့်စုံပါတယ်။ ချန်ပီယံအသင်းတစ်သင်းမှာ ရှိသင့်တဲ့ ခြေစွမ်းမျိုးပါ။ ဘရိုက်တန်က အမှတ်ပေးဇယား အဆင့် (၁၂) မှာ ရပ်တည်နေတဲ့အသင်းပါ။ အိမ်ကွင်းအားကိုးနဲ့ ကစားတတ်တဲ့အသင်းလည်း ဖြစ်ပါတယ်။ ကိုယ့်ထက်သာတဲ့ အသင်းတွေနဲ့ အဝေးကွင်းဆိုရင် ဘရိုက်တန်တို့ ရလဒ်မကောင်းတတ်ပါဘူး။ လီဗာပူးအနိုင်က ပြတ်သားမှာပါ။

စပါး − ဘုန်းမောက်

စနေ၊ ည ၉း၃ဝ

စပါးနည်းပြသစ် မော်ရင်ဟိုကတော့ အဖွင့်ပွဲစဉ်မှာ မျက်နှာပန်းလှခဲ့ပါတယ်။ ဝက်စ်ဟမ်းနဲ့ ဒါဘီပွဲမှာ ၃−၂ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ နှစ်ဂိုးပြန်ပေးခဲ့ရလို့ နောက်တန်းအားနည်းချက်ကိုတော့ ပြင်ဆင်ဖို့လိုပါတယ်။ ဘုန်းမောက်နဲ့စပါးက အမှတ်ပေးဇယား အထက် အောက်ရပ်တည်နေတဲ့အသင်းပါ။ ဒါပေမဲ့ ခြေစွမ်းပိုင်းအကျဘက် ပြန်ရောက်နေပါတယ်။ အခုကစားရမှာက စပါးကွင်းဖြစ်နေတာကြောင့် ရလဒ်ကောင်းတွေ ပြန်ယူဖို့ ကြိုးစားနေတဲ့ အိမ်ရှင်ကိုပဲ အားပေးချင်တယ်။

ဆောက်သမ်တန် − ဝက်ဖို့ဒ်

တနင်္ဂနွေ၊ နံနက် ဝဝးဝဝ

အမှတ်ပေးဇယားအောက်ခြေက အသင်းနှစ်သင်း တွေ့ဆုံတဲ့ပွဲပါ။ ဆောက်သမ်တန်ကပြီးခဲ့တဲ့ပွဲစဉ်တုန်းက အာဆင်နယ်ကို သရေကစားခဲ့တာကြောင့် ခြေပြန်တက်လာတယ်လို့ ယူဆစရာပါ။ ဝက်ဖို့ဒ်ကလည်း တန်းတူအသင်းတွေဆိုရင် ရလဒ်ကောင်းအောင် ကစားတတ်တဲ့အသင်း ဖြစ်ပါတယ်။ ဒါပေမဲ့ဆောက်သမ်တန် အိမ်ကွင်းဖြစ်နေတာကြောင့်အိမ်ရှင်ဘက်မှာ အခွင့်အရေးတော့ ရှိနေပါတယ်။ ဆောက်သမ်တန်ကို အရဲစွန့် ရွေးကြည့်ချင်တယ်။

နော်ဝစ်ချ် − အာဆင်နယ်

တနင်္ဂနွေ၊ ည ၈း၃ဝ

နော်ဝစ်ချက်က အမှတ်ပေးဇယား အဆင့် (၁၈) နေရာက အသင်းပါ။ အာဆင်နယ်က နိုင်ပွဲတွေ ပျောက်နေလို့ ဝေဖန်မှုတွေ ခံနေရတဲ့အသင်း ဖြစ်ပါတယ်။ နော်ဝစ်ချ်တို့ ပြီးခဲ့တဲ့တစ်ပတ်ပွဲစဉ်တုန်းက ခြေရည်တူ အဲဗာတန်ကို အနိုင်ကစားထားလို့ စိတ်ဓာတ်တက်ကြွနေနိုင်ပါတယ်။ အခုလည်း အိမ်ကွင်းမှာ ကစားရဦးမှာဖြစ်လို့ ရလဒ်ကောင်းအောင် ကြိုးစားဖွယ်ရှိပါတယ်။ အာဆင်နယ်အတွက် ခက်ခဲမယ့် ပွဲစဉ်တစ်ပွဲပါ။

ဝုဗ် − ရှက်ဖီးလ်

တနင်္ဂနွေ၊ ည ၈း၃ဝ

ဒီနှစ်ရာသီ နှစ်သင်းစလုံးရဲ့ ခြေစွမ်းတွေက အကောင်းဆုံးအနေအထားမှာ ရှိနေပါတယ်။ နှစ်သင်းစလုံးက အသင်းကြီးအချို့ကိုတောင် အနိုင်ရထားတာတွေ ရှိပါတယ်။ ခြေရည်တူနှစ်သင်းတွေတာကြောင့် ပွဲကောင်းတစ်ပွဲဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ အိမ်ရှင် ဝုဗ်တို့အခုပွဲမတိုင်မီ ယူရိုပါလိဂ် ကစားထားရတာကိုတော့ သတိထားသင့်ပါတယ်။ သရေရလဒ်က နှစ်သင်းစလုံးအတွက် မျှတပါတယ်။

လက်စတာ − အဲဗာတန်

တနင်္ဂနွေ၊ ည ၁၁းဝဝ

လက်စတာကလည်း ဒီနှစ်ပရီမီယာလိဂ်ပြိုင်ပွဲမှာ တည်ငြိမ်တဲ့ ခြေစွမ်းကို ပိုင်ဆိုင်ထားတဲ့အသင်း ဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲ ငါးပွဲစလုံးကို အနိုင်ရထားပါတယ်။ အဲဗာတန်က အဆင့် (၁၆) ကို ရောက်နေတဲ့အသင်းပါ။ လက်စတာရဲ့ လက်ရှိခြေစွမ်းကို ယှဉ်ဖို့ခက်ပါတယ်။ အိမ်ရှင်အသင်း ဂိုးဘယ်လောက်သွင်းပြီး အနိုင်ယူသွားမလဲဆိုတာကိုပဲ စောင့်ကြည့်ရမှာပါ။

မန်ယူ − ဗီလာ

တနင်္ဂနွေ၊ ည ၁၁းဝဝ

အသင်းကြီးတွေထဲက ခြေစွမ်းယိမ်းယိုင်နေတဲ့ အသင်းတွေထဲမှာ မန်ယူလည်း ပါပါတယ်။ ဒီရာသီမှာ ခြေစွမ်းအတက်အကျကို ခန့်မှန်းရ ခက်နေပါတယ်။ ဗီလာကလည်း အောက်ပိုင်းအသင်းငယ်တွေကြားထဲမှာသာခြေစွာနိုင်တဲ့အသင်းပါ။ အသင်းကြီးတွေကိုတော့ ယှဉ်မကစားနိုင်ပါဘူး။ အခုပွဲက မန်ယူအိမ်ကွင်းဖြစ်တာကြောင့် အိမ်ရှင်အတွက် အခွင့်ရေးကောင်းတွေရှိနေပါတယ်။ ဗီလာလိုအသင်းကို အိမ်ကွင်းမှာ အနိုင်ယူမယ်ထင်တယ်။



ဖတ်ရှုမှုအများဆုံး