အီရတ်နိုင်ငံတောင်ပိုင်း၌ နိုဝင်ဘာ ၂၇ ရက် အနှောင်းပိုင်းတွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများက အီရန်ကောင်စစ်ဝန်ရုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း အီရတ်အစိုးရအရာရှိများကပြောဆိုခဲ့သည်။
အီရတ်တောင်ပိုင်း နာဂျက်မြို့ရှိ အီရန်ကောင်စစ်ဝန်ရုံးဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။ အဆောက်အအုံတွင်းဝင်ရောက်ရန် ကြိုးပမ်းသူများအား ရဲတပ်ဖွဲ့ဝင်များက ကျည်ဆန်အစစ်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဆန္ဒပြသူတစ်ဦးသေဆုံးပြီး ၃၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောဆိုခဲ့သည်။
ဆန္ဒပြသူများသည် အီရန်ကောင်စစ်ဝန်ရုံးရှိ အီရန်အလံကို ဖြုတ်ချပြီး အီရတ်အလံကိုလွှင့်ထူခဲ့သည်။ ကောင်စစ်ဝန်ရုံးဝန်ထမ်းများ ဒဏ်ရာရရှိခြင်းမရှိခဲ့ဘဲ အဆောက်အအုံအနောက်ဘက်တံခါးမှထွက်ခွာနိုင်ခဲ့သည်။ နာဂျက်မြို့၌ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားသည်။
အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒတ်နှင့် တောင်ပိုင်းရှိ ရှီယိုက်အများစုနေထိုင်သော မြို့များ၌ အောက်တိုဘာ ၁ ရက်မှစ၍ အကြမ်းဖက်မှုများပါဝင်သော ဆန္ဒပြမှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရှီယိုက်ဦးဆောင်သော အစိုးရသည် အကျင့်ပျက်ခြစားနေပြီး အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများညံ့ဖျင်းကာ အလုပ်အကိုင်မဲ့မှုနှုန်းမြင့်တက်နေကြောင်း ဆန္ဒပြသူများက ဝေဖန်ပြောဆိုခဲ့သည်။ ထို့ပြင် အီရတ်၏နိုင်ငံရေးရာများတွင် အီရန်၏သြဇာသက်ရောက်မှုကြီးမားလာနေကြောင်း ဆန္ဒပြသူများကပြောဆိုခဲ့သည်။
ယခုလအစောပိုင်းတွင်လည်း အီရန်ဆန္ဒပြသူများသည် ကာဘာလာရှိ အီရန်ကောင်စစ်ဝန်ရုံးကိုတိုက်ခိုက်ခဲ့ကြပြီးဖြစ်သည်။ ဆန္ဒပြမှုများဖြစ်ပွားချိန်မှစ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆန္ဒပြသူများအား ကျည်ဆန်အစစ်များ၊ မျက်ရည်ယိုဗုံးများ၊ မီးခိုးဗုံးများဖြင့် နေ့စဉ်တိုက်ခိုက်ခဲ့သည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကျည်ဆန်အစစ်များဖြင့် ပစ်ခတ်မှုကြောင့် ဆန္ဒပြသူလေးဦး သေဆုံးခဲ့ပြီးဖြစ်သည်။ နိုဝင်ဘာ ၂၆ ရက်တွင် ကာဘာလာမြို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ပစ်ခတ်မှုကြောင့် အစိုးရဆန့်ကျင်ရေးဆန္ဒပြသူသုံးဦး သေဆုံးခဲ့သည်။

















