တောင်ဆူဒန် လုံခြုံရေးတပ်ဖွဲ့များသည် ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို ချိုးဖောက်ကာ သမ္မတ ဆယ်ဗာ ကီယာကို ကျောထောက်နောက်ခံပေးသည့် ဒေသများတွင် တပ်ဖွဲ့ဝင် တစ်သောင်းထိ စုဆောင်းလျက်ရှိကြောင်း ကုလသမဂ္ဂ အစီရင်ခံစာတစ်ရပ်က ဖော်ပြသည်။
တောင်ဆူဒန်တွင် ငါးနှစ်ကြာ ပြည်တွင်းစစ်ကြောင့် လူလေးသိန်းကျော် သေဆုံးခဲ့ရပြီး ၂၀၁၈ စက်တင်ဘာတွင်မှ ငြိမ်းချမ်းရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။ ငြိမ်းချမ်းရေး သဘောတူချက်များကို အသက်သွင်းမှု နှေးကွေးလျက်ရှိကြောင်းလည်း အစီရင်ခံစာက ထောက်ပြသည်။
တောင်ဆူဒန်အစိုးရသည် လုံခြုံရေးနှင့် အခြားကိစ္စများတွင် ငြိမ်းချမ်းရေး သဘောတူစာချုပ် သတ်မှတ်ချက်အတိုင်း လိုက်နာရန် စိတ်ဝင်စားမှု နည်းနေသဖြင့် စာချုပ်ပျက်ပြယ်မည့် အန္တရာယ်ရှိနေကြောင်း အစီရင်ခံစာက ဆိုသည်။
ယခုလအတွင်း ညွန့်ပေါင်းအစိုးရ အပြီးသတ် ဖွဲ့စည်းရန် သတ်မှတ်ချက်ကိုလည်း အစိုးရသည် အပြည့်အဝအကောင်အထည်မဖော်နိုင်မှုကို အတိုက်အခံခေါင်းဆောင် ရစ် မာချာက ဝေဖန်လျက်ရှိသည်။ ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေးကို ရက် ၁၀ဝ နောက်ဆုတ်ပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလလယ်ပိုင်းတွင်မှ အကောင်အထည်ဖော်ရန် မာချာနှင့် ကီယာတို့ သဘောတူခဲ့ကြသည်။ ရက် ၁၀ဝ အတွင်း လုံခြုံရေးနှင့် အုပ်ချုပ်ရေး လုပ်ငန်းစဉ်များ ညှိနှိ်ုင်းကြမည် ဖြစ်သည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှေးကွေးနေမှုကြောင့် အမေရိကန်အစိုးရသည် တောင်ဆူဒန်ဆိုင်ရာ အမေရိကန်သံအမတ်ကိုလည်း ဝါရှင်တန်သို့ ပြန်လည်ခေါ်ယူကာ တောင်ဆူဒန်အရေး ဆွေးနွေးလျက်ရှိပြီး ရလဒ်အဖြစ် တောင်ဆူဒန်ကို ဆန်ရှင်များ ထပ်တိုးချမှတ်လာဖွယ်ရှိကြောင်းလည်း သိရသည်။
အစိုးရနှင့် အတိုက်အခံ တပ်ဖွဲ့များ စုပေါင်း စစ်တပ်ဖွဲ့စည်းရေးလည်း သတ်မှတ်ချိန်ထက် နောက်ကျလျက်ရှိပြီး စစ်သည်အင်အား ၈၃၀ဝ၀ သတ်မှတ်ထားသော်လည်း လက်ရှိအချိန်ထိ အတိ်ုက်အခံဘက်က ၃၂၀ဝ၀ နှင့် အစိုးရဘက်က ၇၄၀ဝ သာ ထည့်ဝင်သေးကြောင်း အစီရင်ခံစာက ဆိုသည်။
သို့သော် တစ်ချိန်တည်းမှာပင် သမ္မတ ကီယာကို ထောက်ခံသည့် ဒေသများတွင် စစ်သား တစ်သောင်းထိ စုဆောင်းလျက်ရှိပြီး အသက်မပြည့်သေးသူများလည်း ပါဝင်နေကြောင်း အစီရင်ခံစာက ဆိုသည်။

















