အမေရိကန်ပြည်ထောင်စုနှင့် ချစ်ကြည်ရေးပြန်လည်စတင်လိုကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ထံမှ ပေးစာတစ်စောင်ကိုရရှိခဲ့ပြီးနောက် တုံ့ပြန်ပြောဆိုခဲ့သည်။
ကမ္ဘောဒီးယားတွင် အစိုးရပြောင်းလဲအောင် လုပ်ဆောင်မည်မဟုတ်ကြောင်း ထရမ့်က အတည်ပြုပြောဆိုခဲ့ပြီးနောက် ထရမ့်ကိုကျေးဇူးတင်ကြောင်း ဟွန်ဆန်ကပြောဆိုခဲ့သည်ဟု ဟွန်ဆန်၏ နိုဝင်ဘာ ၂၆ ရက် နေ့စွဲတပ်ထားသည့် ပေးစာတွင်ဖော်ပြထားသည်။
နှစ်နိုင်ငံရှိ နိုင်ငံခြားရေးရာအဖွဲ့အစည်းများသည် ယုံကြည်မှုပြန်လည်တည်ဆောက်ရေးကိုလုပ်ဆောင်ပြီး နှစ်နိုင်ငံနှင့် လူမျိုးများကြား ချစ်ကြည်ရေးပြန်လည်စတင်ရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း ဟွန်ဆန်၏ပေးစာတွင်ဖော်ပြထားသည်။
အာရှတွင် တရုတ်၏မဟာမိတ်ဖြစ်သည့် ကမ္ဘောဒီးယားသည် နိုင်ငံရေးအရဖိနှိပ်သည်ဟု အမေရိကန်နှင့် ဥရောပသမဂ္ဂ( အီးယူ) တို့က ဝေဖန်ခဲ့ပြီးနောက် တရုတ်နှင့်ဆက်ဆံရေးပြေလည်ရေးကိုသာ ကြိုးပမ်းမည်ဖြစ်ကြောင်း မကြာသေးမီတွင် ပြောဆိုခဲ့သည်။
ကမ္ဘောဒီးယားရှိ ၂၀၁၈ ရွေးကောက်ပွဲသည် ပြည်သူများ၏ဆန္ဒကို ကိုယ်စားမပြုကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့ပြီးနောက် ကမ္ဘောဒီးယားရှိ အမေရိကန်သံတမန်များ ပတ်စာခွာဖျာလိပ်ပြီး အိမ်ပြန်ရန် ကမ္ဘောဒီးယားအစိုးရအရာရှိတစ်ဦးက လွန်ခဲ့သော လေးလတွင်ပြောဆိုခဲ့သည်။
တရားလွှတ်တော်ချုပ်က အဓိကအတိုက်အခံပါတီဖြစ်သည့် ကမ္ဘောဒီးယားအမျိုးသားကယ်ဆယ်ရေးပါတီကို ဖျက်သိ်မ်းခဲ့ပြီးနောက် ဟွန်ဆန်၏အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီသည် အမတ်နေရာ ၁၂၅ နေရာစလုံးကို ရရှိခဲ့သည်။ အတိုက်အခံပါတီသည် အမေရိကန်အကူအညီဖြင့် ကမ္ဘောဒီးယားအစိုးရကို ဖြုတ်ချနိုင်ရန် ကြိုးပမ်းနေကြောင်း ဟွန်ဆန်၏အစိုးရက စွပ်စွဲပြီး အတိုက်အခံပါတီခေါင်းဆောင် ကမ် ဆိုခါအား နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ဖမ်းဆီးခဲ့သည်။
သို့သော် အီးယူက ကမ္ဘောဒီးယားနိ်ုင်ငံတွင်း ဖိနှိပ်မှုများကြောင့် ၎င်းနိုင်ငံအားပေးထားသည့် ကုန်သွယ်ရေးခံစားခွင့်များကို ရုပ်သိမ်းရန် ပြင်ဆင်နေကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ကမ္ဘောဒီးယားအစိုးရသည် ကမ် ဆိုခါအား ယခုလအစောပိ်ုင်းတွင် နေအိမ်အကျယ်ချုပ်မှ ပြန်လွှတ်ပေးခဲ့သည်။
ကမ္ဘောဒီးယားနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်လိုသော်လည်း ကမ္ဘောဒီးယားသည် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လျှောက်ရန်လိုအပ်ကြောင်း ထရမ့်၏ပေးစာတွင်ဖော်ပြထားသည်။

















