အမေရိကန်ပြည်ထောင်စုသည် ဟောင်ကောင်အရေးတွင် ဆက်လက်ဝင်ရောက်စွက်ဖက်နေမည်ဆိုပါက တရုတ်အစိုးရသည် အမေရိကန်ပြည်ထောင်စုအပေါ် တင်းတင်းမာမာတန်ပြန်ဆောင်ရွက်ရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အမေရိကန်လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုထားသည့် ဟောင်ကောင်လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအက်ဥပဒေကို နိုဝင်ဘာ ၂၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ယင်းလက်မှတ်ရေးထိုးမှုသည် တရုတ်ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ပြီး အမေရိကန်၏အားထုတ်မှုများ အောင်မြင်မည်မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဟောင်ကောင်အရေးတွင် အမေရိကန်သည် တစ်နိုင်ငံတည်းသဘောဖြင့် ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက တရုတ်၏တန်ပြန်ဆောင်ရွက်ချက်များကို အမေရိကန်ပြည်ထောင်စုသည် ခါးစည်းခံရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောဆိုခဲ့သည်။
ထရမ့်လက်မှတ်ရေးထိုးထားသည့် ဥပဒေအရ ဟောင်ကောင်ရှိ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တရုတ်အစိုးရအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ခွင့်ရှိနေသည်။ အမေရိကန်အစိုးရ၏လုပ်ရပ်သည် မဖုံးနိုင်မကွယ်နိုင်လောက်အောင် ဗိုလ်ကျအနိုင်ကျင့်မှုဖြစ်ပြီး နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေးနှုန်းစံများကို ချိုးဖောက်မှုသာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောဆိုခဲ့သည်။
ယခုဥပဒေအရ အမေရိကန်သမ္မတသည် ဟောင်ကောင်၏ ကုန်သွယ်ရေးအရ အထူးခံစားခွင့်များကို နှစ်စဉ်ပြန်လည်သုံးသပ်ရမည်ဖြစ်ပြီး ဟောင်ကောင်ရှိ လွတ်လပ်ခွင့်များထိပါးခံရပါက ယင်းခံစားခွင့်များကို ပြန်လည်ရုပ်သိမ်းခွင့်ရှိနေသည်။
ထို့ပြင် အမေရိကန်ကွန်ဂရက်စ်သည် ဟောင်ကောင်သို့ မျက်ရည်ယိုဗုံး၊ ရာဘာကျည်ဆန်နှင့် ဟောင်ကောင်ရဲတပ်ဖွဲ့ဝင်များ ဆန္ဒပြသူများကို နှိမ်နင်းရာတွင် အသုံးပြုသည့် အခြားကိရိယာများရောင်းချခွင့် ပိတ်ပင်သည့် ဥပဒေကြမ်းကိုလည်း အတည်ပြုခဲ့သည်။

















