တောင်ကိုရီးယားသမ္မတဟောင်း ပါ့ခ်အား ပြန်လည်ရုံးတင်စစ်ဆေးရန် တရားလွှတ်တော်ချုပ် ညွှန်ကြား

တောင်ကိုရီးယားသမ္မတဟောင်း ပါ့ခ်အား ပြန်လည်ရုံးတင်စစ်ဆေးရန် တရားလွှတ်တော်ချုပ် ညွှန်ကြား

အကျင့်ပျက်ခြစားမှုများဖြင့် ထောင်ဒဏ်ကျခံနေရသည့် တောင်ကိုရီးယားသမ္မတဟောင်း ပါ့ခ်ဂွမ်ဟဲအား ထောက်လှမ်းရေးဌာနထံမှ တရားမဝင်ငွေများရယူခဲ့မှုဖြင့် ပြန်လည်ရုံးတင်စစ်ဆေးရန် တောင်ကိုရီးယားတရားလွှတ်တော်ချုပ်က နိုဝင်ဘာ ၂၈ ရက်တွင် ညွှန်ကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်သော ပါ့ခ်သည် လမ်းမပေါ်ထွက်ဆန္ဒပြမှုများဖြစ်ပွားပြီးနောက် ၂၀၁၇ ခုနှစ်တွင် စွပ်စွဲပြစ်တင်ပြီး ဖြုတ်ချခံခဲ့ရသည်။

ပါ့ခ်သည် အကျင့်ပျက်ခြစားမှု၊ အာဏာအလွဲသုံးစားလုပ်မှုများဖြင့် ရုံးတင်စစ်ဆေးမှုခံယူရန် ရှိနေသေးသည်။ ယခုလောလောဆယ်တွင် ပါ့ခ်သည် ပြစ်မှုများစွာဖြင့် ထောင်ဒဏ်၂၅ နှစ်ချမှတ်ခံထားရသည်။

ပါ့ခ်သည် အမျိုးသားထောက်လှမ်းရေးဌာနထံမှ ငွေများတရားမဝင်ရယူခဲ့မှုဖြင့် ကျခံနေရသည့် ထောင်ဒဏ်ကို အယူခံတရားရုံးကလျှော့ချသတ်မှတ်ပေးခဲ့ပြီးနောက် ၎င်းကို ပြန်လည်ရုံးတင်စစ်ဆေးရန် တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အယူခံရုံးသည် ဥပဒေကြောင်းအရစည်းမျဉ်းများကို နားလည်မှုလွဲခဲ့သောကြောင့် ပြစ်ဒဏ်ကိုလျှော့ပေါ့ပေးခဲ့ခြင်းဖြစ်ကြောင်း တရားလွှတ်တော်ချုပ်ကပြောဆိုခဲ့သည်။

အကျင့်ပျက်ခြစားမှု၊ အာဏာအလွဲသုံးစားလုပ်မှုများဖြင့် ကျခံရမည့် ထောင်ဒဏ်များကြောင့် အသက် ၆၇ နှစ်အရွယ် ပါ့ခ်သည် အသက် ၁၀ဝ ပြည့်မှသာ ထောင်မှလွတ်မြောက်နိုင်ဖွယ်ရှိနေသည်။ ပါ့ခ်နှင့် တိုးတိုးဖော်မိတ်ဆွေ ချွိုင်ဆွန်းဆီတို့သည် ဆမ်ဆောင်းကုမ္ပဏီအပါအဝင် ကုမ္ပဏီကြီးများထံမှ လာဘ်ယူခဲ့ကြောင်း ဖော်ထုတ်ခံရပြီးနောက် တောင်ကိုရီးယား၌ နိုင်ငံရေးသမားများနှင့် စီးပွားရေးလုပ်ငန်းများကြား တိတ်တဆိတ်ပတ်သက်မှုပိုမိုထင်ရှားလာခဲ့သည်။

တောင်ကိုရီးယား၌ သမ္မတများသည် တာဝန်ထမ်းဆောင်ပြီးနောက်တွင် အကျဉ်းကျခံရသည့် ဓလေ့ရှိခဲ့သည်။ တောင်ကိုရီးယားရှိ အသက်ရှင်နေဆဲ သမ္မတလေးဦးသည် ရာဇဝတ်မှုများဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီးဖြစ်သည်။

သမ္မတဟောင်း ရိုမူးဟွန်သည် မိသားစုပါဝင်နေသည့် ခြစားမှုဖြင့် စစ်ဆေးမေးမြန်းခံရပြီးနောက် ၂၀ဝ၉ ခုနှစ်တွင် ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့သည်။