အိပ်ချ်အိုင်ဗွီရှိသည့် မိခင်မှ မွေးဖွားကာ ရောဂါပိုး ကူးစက်ခံလာရသည့် ကလေးများကို မွေးဖွားပြီး နာရီပိ်ုင်း၊ ရက်ပိ်ုင်းအတွင်းမှာပင် ကုသရေးလုပ်ငန်းစဉ်များ စတင်ခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း လေ့လာမှုစစ်တမ်းတစ်ရပ်က ဆိုသည်။ လက်ရှိတွင် နိုင်ငံအများအပြား၌ သီတင်းပတ် အနည်းငယ်မှ လပိုင်းအထိ စောင့်ပြီးမှသာ ကုသရေး လုပ်ငန်းများ စတင်လေ့ရှိသည်။
ဟားဗတ်တက္ကသိုလ်မှ သုတေသီအဖွဲ့က ဘော့ဝါနာနိုင်ငံတွင် လေ့လာစစ်တမ်းလုပ်ထားခြင်း ဖြစ်သည်။ တတ်နိုင်သမျှ စောစီးစွာ ကုသလေ ကလေးငယ်တွင် အိပ်ချ်အိုင်ဗွီပိုး ပျံ့ပွားမှု နည်းပါးအောင် ထိန်းနိုင်လေဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။ လက်ရှိ ဆေးဝါးများသည် အိပ်ချ်အိုင်ဗွီပိုးကို မသတ်နိုင်သေးသည့်တိုင် ဆက်လက်မပျံ့ပွားအောင် ထိန်းထားနိုင်ပြီး ဆေးသောက်ရပ်ပါက အိပ်ချ်အိုင်ဗွီပိုး ခေါင်းပြန်ထောင်လာမည့် အန္တရာယ်ရှိသည်။
"လက်ရှိ အနေအထားက အိပ်ချ်အိုင်ဗွီကို အမြတ်မဖြုတ်နိုင်သေးပေမယ့် ထိန်းထားနိုင်တဲ့အတွက် ရှေ့တစ်ဆင့် တက်လှမ်း ကုသနိုင်ဖို့ အခွင့်အလမ်းရှိနေပါတယ်" ဟု လေ့လာမှုစစ်တမ်းအဖွဲ့တွင် ပါဝင်သည့် ဒေါက်တာ ဒယ်နီရယ် ကာရီကတ်စ်က ပြောသည်။ အိပ်ချ်အိုင်ဗွီပိုးရှိသည့် ကိုယ်ဝန်ဆောင်မိခင်များကို ရောဂါထိန်းဆေးများ တိုက်ကျွေးခြင်းဖြင့် ကလေးငယ်သို့ မကူးစက်အောင် ကာကွယ်နိ်ုင်သည်။
သို့တိုင် အာဖရိက ဆာဟာရတောင်ပိုင်းဒေသများတွင် နေ့စဉ် ပျမ်းမျှ ကလေး ၃၀ဝ မှ ၅၀ဝ ကြား မိခင်မှတစ်ဆင့် အိပ်ချ်အိုင်ဗွီ ကူးစက်ခံနေရဆဲဖြစ်သည်။
ဘော့စ်ဝါနာ လေ့လာမှုစစ်တမ်းကို အမေရိကန် အမျိုးသားကျန်းမာရေး အင်စတီကျုမှ ရန်ပုံငွေ ထောက်ပံ့ထားခြင်းဖြစ်သည်။ အမေရိကန်၊ ဥရောပနှင့် အာဖရိကနိုင်ငံအချို့တွင် ကလေးများ မွေးဖွားလာသည်နှင့် အိပ်ချ်အိုင်ဗွီ ရှိ မရှိ စစ်ဆေးနိုင်နေပြီ ဖြစ်သော်လည်း ဝင်ငွေနိမ့်နိုင်ငံများတွင်မူကား ကလေးများ ရက်သတ္တပတ် လေးပတ်မှ ခြောက်ပတ်ခန့်ရောက်သည်တွင်မှ စစ်ဆေးနိုင်သည့် အနေအထားသာ ရှိသေးကြောင်း စစ်တမ်းတွင် ပါဝင်သည့် ဒေါက်တာ ရော်ဂျာ ရှာပီရိုက ပြောသည်။

















