မစ်ကီဝေး ဂလက်ဆီအတွင်း ထင်မထားလောက်အောင် ကြီးမားသည့် အာကာသတွင်းနက်သစ် တွေ့ရှိ

မစ်ကီဝေး ဂလက်ဆီအတွင်း ထင်မထားလောက်အောင် ကြီးမားသည့် အာကာသတွင်းနက်သစ် တွေ့ရှိ

မစ်ကီဝေး ဂလက်ဆီအတွင်း ရှိနေလိမ့်မည်ဟု ထင်မထားလောက်အောင်ကို ကြီးမားသော အာကာသတွင်းနက်သစ်တစ်ခုကို တွေ့ရှိထားကြောင်း နက္ခတ္တဗေဒပညာရှင်များက နိုဝင်ဘာ ၂၈ တွင် ထုတ်ပြန်ပြောကြားသည်။

အယ်လ်ဘီ-၁ အာကာသတွင်းနက်သည် ကမ္ဘာမှ အလင်းနှစ် ၁၅၀ဝ၀ တွင် တည်ရှိပြီး နေထက် ဒြပ်ထု အဆ ၇၀ ပိုကြီးမားသည်။ မစ်ကီဝေး ဂလက်ဆီအတွင်း အာကာသတွင်းနက်ပေါင်း သန်း ၁၀ဝ ခန့် ရှိနေနိုင်ကြောင်း သိပ္ပံပညာရှင်များက ခန့်မှန်းတွက်ချက်ထားပြီး အယ်လ်ဘီ-၁ သည် မစ်ကီဝေးအတွင်း တည်ရှိနေနိုင်မည်ဟု သိပ္ပံပညာရှင်များ တွက်ချက်ထားသည့် အကြီးဆုံး အာကာသတွင်းနက်ထက်ပင် နှစ်ဆခန့် ပိုကြီးမားကြောင်း တရုတ်နိုင်ငံ နက္ခတ္တဗေဒ အဖွဲ့အစည်းမှ ပါမောက္ခ လျူ ဂျီဖန်က ပြောသည်။

"လက်ရှိ ကြယ်ဖြစ်ထွန်းမှု သီအိုရီတွေအရဆိုရင် အယ်လ်ဘီ-၁ လို အာကာသတွင်းနက်မျိုးက မစ်ကီဝေး ဂလက်ဆီထဲမှာ ရှိကို မနေနိုင်တဲ့ အရွယ်အစားမျိုးပါ" ဟု လေ့လာသုတေသနကို ဦးဆောင်ခဲ့သည့် ပါမောက္ခ လျူက ပြောသည်။

ယခုတွေ့ရှိချက်ကြောင့် အာကာသတွင်းနက်များဆိုင်ရာ သီအိုရီများကို ပြန်လည်ဆန်းစစ်ရဖွယ်ရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

သိပ္ပံပညာရှင်များက အာကာသတွင်းနက်များကို အကြမ်းဖျင်း နှစ်မျိုးခွဲထားသည်။ ပုံမှန်တွေ့ရလေ့ရှိသည့် စတယ်လာ တွင်းနက်များသည် နေထက် ဒြပ်ထု အဆ ၂၀ ဝန်းကျင်ကြီးမားပြီး ကြယ်များ သေဆုံးရာမှဖြစ်ပေါ်လာသည်။ မဟာတွင်းနက်ကြီးများကား နေထက် အဆ တစ်သန်းနှင့်အထက် ကြီးမားပြီး ၎င်းတို့ဖြစ်ပေါ်လာပုံကို သိပ္ပံပညာရှင်များ တိကျစွာ အဖြေမထုတ်နိုင်ကြသေး။

အယ်လ်ဘီ-၁ ကို တရုတ်နိုင်ငံမှ LAMOST နက္ခတ်မှန်ပြောင်းကို အသုံးပြုပြီး နိုင်ငံတကာ ပူးပေါင်းသုတေသီအဖွဲ့က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် စပိန်မှ Gran Telescopio Canarias နက္ခတ်မှန်ပြောင်းနှင့် အမေရိကန်ပြည်ထောင်စုမှ Keck I နက္ခတ်မှန်ပြောင်းတို့မှ ဓာတ်ပုံများနှင့်လည်း တိုက်ဆိုင်ကာ အယ်လ်ဘီ-၁ ၏ ဒြပ်ထုသည် နေထက် အဆ ၇၀ ပိုကြီးမားကြောင်း အတည်ပြုနိုင်ခဲ့ကြသည်။