ဗာတီကန် ဘဏ္ဍာရေး စောင့်ကြည့်ရေးအဖွဲ့ကို ဦးစီးရန် အီတလီ ဗဟိုဘဏ် အကြီးအကဲဟောင်းကို ပုပ်ရဟန်းမင်း ရွေးချယ်

ဗာတီကန် ဘဏ္ဍာရေး စောင့်ကြည့်ရေးအဖွဲ့ကို ဦးစီးရန် အီတလီ ဗဟိုဘဏ် အကြီးအကဲဟောင်းကို ပုပ်ရဟန်းမင်း ရွေးချယ်

ဗာတီကန် ဘဏ္ဍာရေးလုပ်ငန်းများဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ကို ကြီးမှူးရန် အီတလီ ဗဟိုဘဏ် အကြီးအကဲဟောင်းတစ်ဦးကို ပုပ်ရဟန်းမင်း ဖရန်စစ်က ကနဦးရွေးချယ် အဆိုပြုထားကြောင်း သိရသည်။

ကာမယ်လို ဘာဘာဂယ်လိုသည် ၂၀၁၄ ခုနှစ်မှ ယခုနှစ်ဆန်းပိုင်းထိ အီတလီ ဗဟိုဘဏ် ဘဏ္ဍာရေးလုပ်ငန်းများဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲအဖြစ် ထမ်းဆောင်ခဲ့သူဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်က နုတ်ထွက်သွားသော ဗာတီကန် ဘဏ္ဍာရေး သတင်းအချက်အလက် အေဂျင်စီ (အေအိုင်အက်ဖ်) အကြီးအကဲ ရန် ဘရူဟတ် နေရာတွင် ကာမယ်လို ဘာဘာဂယ်လိုက အစားထိုး တာဝန်ယူမည်ဖြစ်သည်။

လန်ဒန် အိမ်ခြံမြေဈေးကွက်တွင် အေအိုင်အက်စ်ဖ်က ဗာတီကန်ကိုယ်စား ရင်းနှီးမြှုပ်နှံမှုပြုရာတွင် သံသယရှိရသည့်အတွက် ဗာတီကန်ရဲတပ်ဖွဲ့သည် အောက်တိုဘာ ၁ ရက်တွင် အေအိုင်အက်ဖ်ရုံးကို ဝင်စီးကာ စာရွက်စာတမ်းများ၊ ကွန်ပျူတာများပါ သိမ်းဆည်းခဲ့ပြီး စုံစမ်းစစ်ဆေးရေးများ ဆောင်ရွက်လျက်ရှိသည်။

ဗာတီကန် ဘဏ္ဍာရေးလုပ်ငန်းများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ဖြစ်အောင် ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘာဘာဂယ်လိုက ထုတ်ပြန်ပြောကြားသည်။ အေအိုင်အက်ဖ်သည် ဗာတီကန်ကို ကိုယ်စားပြုကာ လန်ဒန် ရင်းနှီးမြှုပ်နှံမှု ဈေးကွက်သို့ ဝင်ရောက်ရာတွင် စည်းမျဉ်းသတ်မှတ်ချက်များနှင့် မကိုက်ညီသည်ကို တွေ့ရကြောင်း ပုပ်ရဟန်းမင်း ဖရန်စစ်က ဗာတီကန် စုံစမ်းစစ်ဆေးသူများ၏ တွေ့ရှိချက်များအား ကိုးကား၍ ပြောကြားခဲ့သည်။

အေအိုင်အက်ဖ်ရုံးကို ဗာတီကန်ရဲတပ်ဖွဲ့ ဝင်စီးပြီးနောက် ဘရူဟတ် နုတ်ထွက်ခဲ့ရပြီး ဘုတ်အဖွဲ့ဝင် လေးဦးအနက် နှစ်ဦးလည်း နုတ်ထွက်ခဲ့ရသည်။ နုတ်ထွက်ခဲ့သူ နှစ်ဦးထဲတွင် အကြမ်းဖက်လုပ်ငန်းများ ဘဏ္ဍာရေးစီးဆင်းမှု တိုက်ဖျက်ရေးဆိုင်ရာ အမေရိကန် လက်ထောက်ဘဏ္ဍာရေးဝန်ကြီးဟောင်း ဟွမ် ဖာရတ်တီလည်း ပါဝင်သည်။