အယ်ဘေးနီးယားနိုင်ငံ ကမ်းရိုးတန်းဒေသ၌ နိုဝင်ဘာ ၂၆ က အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျအဆောက်အအုံများအောက်၌ ပိတ်မိနေသည့် သက်ရှင်ကျန်ရစ်သူများကို ရှာဖွေရေးများ ဆောင်ရွက်လျက်ရှိပြီး သက်ရှင်ကျန်ရစ်သူ တွေ့နိုင်ခြေ မျှော်လင့်ချက် နည်းပါးသွားပြီဖြစ်ကြောင်း အာဏာပိုင်များက နိုဝင်ဘာ ၂၉ တွင် ထုတ်ပြန်ပြောကြားသည်။
ငလျင်ကြောင့် သေဆုံးသူ ၄၆ ဦးရှိပြီး လူ နှစ်ထောင်ကျော် ဒဏ်ရာရရှိခဲ့သည်။ နိုဝင်ဘာ ၂၈ တွင် မြို့တော် တီရာနာ အနောက်ဘက် မိုင် ၂၀ အကွာ ဒါရက်စ်မြို့တွင် မိသားစု အများအပြား နေထိုင်သည့် ပြိုကျအဆောက်အအုံတစ်လုံးကို ရှာဖွေ ရှင်းလင်းရေးများ ဆောင်ရွက်ပြီးနောက် အာဏာပိုင်များက အထက်ပါအတိုင်း ထုတ်ပြန်ပြောကြားခြင်း ဖြစ်သည်။
ထိုအဆောက်အအုံ အပျက်အစီးများအောက်မှ သေဆုံးသူ မိသားစုဝင် ငါးဦးကို ရှာဖွေနိုင်ခဲ့ပြီး ၁၇ နှစ်သား လူငယ်တစ်ဦးကိုသာ အပျက်အစီးများအောက်မှ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သည်။ ပျောက်ဆုံးနေဆဲ မိသားစုဝင် သုံးဦးကို ရှာဖွေရေးအဖွဲ့များက ရှာဖွေနေဆဲဖြစ်သည်။
ငလျင်ဒဏ် ပြင်းထန်စွာ ခံခဲ့ရသည့် သူမိန်းမြို့တွင်လည်း ပြိုကျအဆောက်အအုံတစ်လုံးအောက်မှ သေဆုံးသူ ခြောက်ဦးကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ရှာဖွေရေး လုပ်ငန်းများ အရှိန်လျှော့ချလိုက်ပြီဖြစ်ကြောင်း သိရသည်။ ပြင်းအား ၆ ဒသမ ၄ အဆင့်ရှိ ငလျင်သည့် လူအများ အိပ်စက်နေသည့် နံနက်အစောပိုင်းတွင် လှုပ်ခတ်သဖြင့် ပြိုကျအဆောက်အအုံများအောက်တွင် အများအပြား ပိတ်မိနေခဲ့ကြကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။
အဓိကငလျင်ကြီးနောက်ပိုင်းတွင် ပြင်းအား ၅ ဒသမ ဝ အဆင့်ရှိ ငလျင်သုံးခုအပါအဝင် နောက်ဆက်တွဲငလျင် ရာချီပြီးလှုပ်ခတ်ခဲ့သဖြင့်လည်း ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ နှောင့်နှေးရလျက်ရှိသည်။ ငလျင်ကြောင့် တစ်စိတ်တစ်ပိုင်း ထိခိုက်ပျက်စီးရသည့် အဆောက်အအုံများတွင် နေထိုင်သူများအနေဖြင့် အစိုးရ အင်ဂျင်နီယာဌာနက စစ်ဆေး ခွင့်ပြုပြီးမှသာ အဆောက်အအုံသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ရန် အစိုးရက နှိုးဆော်ထားသည်။

















