ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ အုပ်ချုပ်ရေးအဖွဲ့သည် ၂၀၂၀ ပြည့်နှစ် ဧပြီက စတင်ကာ မြို့ဧရိယာအတွင်း ပလတ်စတစ်ပိုက်များ၊ ပလတ်စတစ်အိတ်များ အသုံးပြုခွင့် ပိတ်ပင်ရန် နိုဝင်ဘာ ၂၈ က မဲခွဲဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့နိုင်ငံ အများအပြားတွင်လည်း ပလတ်စတစ်အသုံး လျှော့ချရေးအတွက် အလားတူပင် ပလတ်စတစ်ပိုက်များ၊ တစ်ခါသုံး ပလတ်စတစ်အိတ်များ ပိတ်ပင်လျက်ရှိနေသည်။ ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒိုကလည်း ၂၀၂၁ ခုနှစ်က စတင်ကာ ကနေဒါနိုင်ငံတစ်ဝန်း တစ်ခါသုံး ပလတ်စတစ်ပိုက်များ၊ အိတ်များနှင့် ဗူးခွံများကို အသုံးပြုခွင့် ပိတ်ပင်ရန် စီစဉ်နေကြောင်း ပြောသည်။
မွန်ထရဲမြို့သည်လည်း ၂၀၁၈ ခုနှစ်ကတည်းက အချို့သော ပလတ်စတစ်အိတ်များ၊ ဗူးများကို အသုံးပြုခွင့် ပိတ်ပင်ခဲ့သည်။ ဗန်ကူးဗားမြို့ ကမ်းခြေများသို့ တင်လာသည့် အမှိုက်သရိုက်များအနက် ၃ ရာခိုင်နှုန်းသည် တစ်ခါသုံး ပလတ်စတစ်အိတ်များ၊ ပိုက်များဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။
ကနေဒါတွင် အသုံးပြုသည့် တစ်ခါသုံး ပလတ်စတစ်ထုတ်ကုန်များ၏ ၉၀ ရာခိုင်နှုန်းထိသည် မြေဖို့လုပ်ငန်းများတွင်သော်လည်းကောင်း၊ သဘာဝဝန်းကျင်အတွင်း အမှိုက်အဖြစ်နဲ့သော်လည်းကောင်း အဆုံးသတ်ရလျက်ရှိသည်ဟု ယခုနှစ်ဆန်းပိုင်းတွင် ထွက်ရှိထားသည့် အစိုးရစစ်တမ်းတစ်ရပ်က ဆိုသည်။
အအေးသောက်သည့် တစ်ခါသုံး ပလတ်စတစ်ပိုက်များကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၂ ရက်က စတင်ကာ ပိတ်ပင်မည်ဖြစ်ပြီး၊ ကြေပျက်လွယ်သော ဇီဝပလတ်စတစ်အိတ်များ အပါအဝင် တစ်ခါသုံး ပလတ်စတစ်အိတ်များကိုလည်း ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်၌ စတင်ပိတ်ပင်မည်ဖြစ်သည်။
ပလတ်စတစ်အိတ်များ ပိတ်ပင်မှု သက်ရောက်ပြီးနောက်ပိုင်း တစ်နှစ်အတွင်း စတိုးဆိုင်များ၌ စက္ကူအိတ်များဖြင့်သာ ပစ္စည်းများကို ထုပ်ပိုးပေးမည်ဖြစ်ပြီး ဈေးဝယ်သူက စက္ကူအိတ် တစ်အိတ်လျှင် ဝ ဒသမ ၁၅ ကနေဒါဒေါ်လာ ပေးချေရမည်ဖြစ်ကာ တစ်နှစ်နောက်ပိုင်းတွင် ဝ ဒသမ ၂၅ ကနေဒါဒေါ်လာ ပေးချရမည်ဟု သတ်မှတ်ထားသည်။

















