လူသားပယောဂကြောင့် ဇင်ဘာဘွေ အငတ်ဘေး ကြုံရဖွယ်ရှိနေဟု ကုလသမဂ္ဂ သတိပေး

လူသားပယောဂကြောင့် ဇင်ဘာဘွေ အငတ်ဘေး ကြုံရဖွယ်ရှိနေဟု ကုလသမဂ္ဂ သတိပေး

ဇင်ဘာဘွေနိုင်ငံသည် လူသားပယောဂကြောင့် အငတ်ဘေးကြုံရမည့် အနေအထားရောက်ရှိနေကြောင်း၊ ပြည်သူ ၆၀ ရာခိုင်နှုန်းထိသည် အခြေခံ စားစရာလိုအပ်ချက် မပြည့်မီသောဘဝတွင် နေထိုင်နေရကြောင်း ဇင်ဘာဘွေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က နိုဝင်ဘာ ၂၈ တွင် ထုတ်ပြန်ပြောကြားသည်။

ပဋိပက္ခဇုန်အပြင်ဘက် နိုင်ငံများထဲတွင် ဇင်ဘာဘွေသည် နိုင်ငံသားများ စားနပ်ရိက္ခာ ပြတ်လပ်မည့်အန္တရာယ် ကြုံနေနိုင်ခြေ စတုတ္ထမြောက် အများဆုံးနိုင်ငံဖြစ်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ အထူးကိုယ်စားလှယ် ဟီလာ အယ်ဗာက ပြောသည်။

"လူသားပယောဂကြောင့်ဖြစ်တဲ့ စားနပ်ရိက္ခာ ပြတ်လပ်မှုမျိုးဆီ ဇင်ဘာဘွေနိုင်ငံဟာ တဖြည်းဖြည်း ချဉ်းကပ်လာနေပါတယ်။ နှစ်ကုန်လောက်ဆိုရင် ပြည်သူ ရှစ်သန်းခန့်ဟာ စားနပ်ရိက္ခာ မလောက်ငှမှုဒဏ်ကို ခံစားရနိုင်ခြေ ရှိနေပါတယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဟီလာ အယ်ဗာသည် ဇင်ဘာဘွေတစ်ဝန်း ၁၁ ရက်ကြာ လှည့်လည်သွားရောက် လေ့လာခဲ့ခြင်းဖြစ်သည်။ စိုက်ပျိုးလုပ်ငန်းများ ထိခိုက်ကျဆင်းနေချိန်နှင့် တပြိုင်နက် ငွေကြေးဖောင်းပွနှုန်းကလည်း ၄၉၀ ရာခိုင်နှုန်းထိ မြင့်တက်လာနေကြောင်း အယ်ဗာက ထောက်ပြသည်။

အထူးသဖြင့် ကျေးလက်ဒေသများမှ ပြည်သူ ၅ ဒသမ ၅ သန်းခန့်သည် လက်ရှိမှာပင် နေ့စဉ် စားသောက်စရာ မလောက်ငှသည့် အခက်အခဲ ရင်ဆိုင်နေရကြောင်း ၎င်းက ပြောသည်။

မြို့ပြနေ ပြည်သူ ၂ ဒသမ ၂ သန်းခန့်သည်လည်း စားသောက်စရာ ပြတ်လပ်နေသလို၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ရေကောင်းရေသန့် စသည့် အခြေခံ ပြည်သူ့ဝန်ဆောင်မှုများကိုလည်း လုံလောက်စွာ မရရှိကြောင်း အယ်ဗာက ထောက်ပြသည်။

ဇင်ဘာဘွေသည် စီးပွားအကျပ်ဆိုက်နေသလို အကျင့်ပျက်ခြစားမှုလည်း ထူပြောနေပြီး ဆင်းရဲနွမ်းပါးနှုန်း မြင့်မားနေကာ ကျန်းမာရေးစောင့်ရှောက်မှုလည်း မပြည့်စုံဘဲ ဖြစ်နေသည်။ သမ္မတဟောင်း ရောဘတ် မူဂါဘီ လက်ထက်တွင် စီးပွားစီမံခန့်ခွဲမှု လွဲမှားခြင်းကြောင့် စီးပွားအကျပ်ဆိုက်ခဲ့ပြီး လွန်ခဲ့သော နှစ်နှစ်က စစ်အာဏာသိမ်းကာ သမ္မတဖြစ်လာသော အီမာဆမ် နန်ဂါဂွာ လက်ထက်တွင်လည်း နိုင်ငံ့စီးပွားသည် မှန်းထားသလောက် ပြန်တက်မလာသေးကြောင်း တွေ့ရသည်။