ကွန်ဂို ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ အရှေ့ပိုင်းတွင် နိုဝင်ဘာ ၂၈ ညပိုင်းက အီဘိုလာ ကျန်းမာရေးစင်တာကို သူပုန်အဖွဲ့က ဝင်ရောက်ပစ်ခတ်မှုကြောင့် ကျန်းမာရေးဝန်ထမ်း လေးဦး သေဆုံးခဲ့ရကြောင်း သိရသည်။
"အစိုးရိမ်ဆုံး ကိစ္စ တကယ်ဖြစ်လာတာပါ။ တကယ်ကို ဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါတယ်" ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ဒရို အဒ်ဟာနမ် ဂါဘရေအီဆက်စ်က ပြောသည်။ သမိုင်းတစ်လျှောက် ဒုတိယအဆုံးဝါးဆုံး အီဘိုလာကပ်ဘေးနှင့် ကြုံနေရသည့် ကွန်ဂိုတွင် ကျန်းမာရေးဝန်ထမ်း သေဆုံးမှု အများဆုံး တိုက်ခိုက်ခံရမှုအဖြစ်လည်း မှတ်တမ်းဝင်သည်။
လက်နက်ကိုင် သူပုန်များ ပစ်ခတ်မှုကြောင့် ကာကွယ်ဆေးအဖွဲ့မှ ကျန်းမာရေးဝန်ထမ်းတစ်ဦး၊ ယာဉ်မောင်း နှစ်ဦးနှင့် ရဲတစ်ဦး သေဆုံးကာ အခြားကျန်းမာရေးဝန်ထမ်း ခြောက်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။ ဘိုင်ကာတိုမြို့ရှိ အီဘိုလာ ကျန်းမာရေးစင်တာကို မိုင်မိုင်သူပုန်တပ်ဖွဲ့က ညပိုင်းက ဝင်စီးနင်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ဘိုင်ကာတိုဒေသဝန်းကျင်မှ အီဘိုလာ ကျန်းမာရေးဝန်ထမ်းများ ထွက်သွားရန် ပြီးခဲ့သည့် ရက်ပိုင်းများကတည်းက မိုင်မိုင်သူပုန်အဖွဲ့က သတိပေးချက်များ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျန်းမာရေးစင်တာမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဝန်ထမ်း တစ်ရာကျော်ကို အရေးပေါ် ရွှေ့ပြောင်းကယ်ဆယ်ခဲ့ရသည်။
မန်ဂီနာမြို့ရှိ အီဘိုလာ တိုက်ဖျက်ရေး ကွပ်ကဲရေးရုံးတစ်ရုံးလည်း တိုက်ခိုက်ခံခဲ့ရသော်လည်း အသေအပျောက်မရှိကြောင်း၊ ထိုဧရိယာတွင် လှုပ်ရှားနေသည့် ဒီမိုကရက်တစ် ညွန့်ပေါင်း သူပုန်အဖွဲ့က တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဘန်နီ စီရင်စု အုပ်ချုပ်ရေးမှူး ဒိုနတ် ကာဆာရီကာ ကီဝါနာက ပြောသည်။
ကွန်ဂိုတွင် အီဘိုလာ ကျန်းမာရေးဝန်ထမ်းများကို လက်နက်ကိုင်သူပုန်တပ်ဖွဲ့များက မလိုလားဘဲ ပစ်ခတ်တိုက်ခိုက်မှုများ အကြိမ်ကြိမ် ဖြစ်ပွားလျက်ရှိသည်။ ကျန်းမာရေးစင်တာများကို ပစ်ခတ်တိုက်ခိုက်မှု ၃၈၆ ကြိမ် ဖြစ်ပွားခဲ့ကာ လူ ခုနစ်ဦး သေဆုံးပြီး ၇၇ ဦး ဒဏ်ရာရရှိခဲ့သည်။

















