ရာသီဥတုပြောင်းလဲမှုအရေး အစိုးရအနေဖြင့် ထိထိရောက်ရောက်ဆောင်ရွက်ပေးရန် တောင်းဆိုသည့်အနေဖြင့် သြစတြေးလျနိုင်ငံတစ်ဝန်း၌ နိုဝင်ဘာ ၂၉ ရက်တွင် ကျောင်းသားများသည် အတန်းမတက်ဘဲ ချီတက်ဆန္ဒပြမှုများကို ပြုလုပ်ခဲ့သည်။
သြစတြေးလျနိုင်ငံ၌ တောမီးလောင်ကျွမ်းနေသည်မှာ ရက်သတ္တပတ်ပေါင်းများစွာရှိခဲ့ပြီဖြစ်ပြီး တောမီးကြောင့် လူလေးဦးသေဆုံးခဲ့ပြီးဖြစ်ကာ လယ်မြေနှင့် သစ်တောအကျယ်အဝန်း ဧက ၂ ဒသမ ၅ သန်းလောင်ကျွမ်းခံခဲ့ရပြီးဖြစ်သည်။ နေအိမ်အလုံး ၅၀ဝ လည်း မီးလောင်ပြာကျခဲ့သည်။
ဆစ်ဒနီမြို့နှင့် အခြားသြစတြေးလျမြို့ကြီးများတွင် ကျောင်းသားများ ချီတက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ မက်ဒရစ်မြို့၌ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်မည့် ကုလသမဂ္ဂရာသီဥတုဆိုင်ရာညီလာခံမစတင်မီတွင် အစိုးရကို ပိုမိုဖိအားပေးသည့်အနေဖြင့် ချီတက်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
သြစတြေးလျရှိ တောင်မီးလောင်ကျွမ်းမှုအကျပ်အတည်းကို အစိုးရသည် ထိရောက်စွာကိုင်တွယ်နိုင်ခြင်းမရှိခဲ့ကြောင်း ဆစ်ဒနီရှိ ဆန္ဒပြသူများက ပြောဆိုခဲ့သည်။ နယူးဆောက်ဝေးပြည်နယ်ရှိ တောမီးကြောင့် မီးခိုးများသည် အခြားပြည်နယ်များဘက်သို့လည်း ပျံ့နှံ့နေပြီဖြစ်သည်။
ရာသီဥတုပြောင်းလဲမှုအရေး အစိုးရက ထိရောက်စွာလုပ်ဆောင်ပေးခြင်းမရှိဆိုသည့် စွပ်စွဲမှုသည် အခြေအမြစ်မရှိကြောင်း သြစတြေးလျဝန်ကြီးချုပ်စကော့ မော်ရစ်ဆင်က ယခင်ကပြောဆိုခဲ့ပြီးဖြစ်သည်။ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုပမာဏကို ၂၀၃၀ ပြည့်နှစ်ရောက်ရှိချိန်တွင် ၂၀ဝ၅ ခုနှစ်တွင်ရှိခဲ့သည့် ပမာဏမှ ၂၆ ရာခို်ုင်နှုန်းအထိ လျှော့ချပြီးဖြစ်နေရမည်ဖြစ်ကြောင်း သြစတြေးလျအစိုးရက ကတိပြုခဲ့သည်။
သို့သော် သြစတြေးလျ၏ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုသည် ဇွန်တွင် ပြီးဆုံးခဲ့သည့် လွန်ခဲ့သော ၁၂ လအတွင်း ပြောင်းလဲမှုမရှိကြောင်း နိုဝင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည့် စာရင်းအင်းများအရသိရသည်။

















