တာတိုပစ်ဒုံးကျည်ပစ်လွှတ်မှုအတွက် ကျေနပ်အားရမိကြောင်းမြောက်ကိုရီးယားခေါင်းဆောင်ပြောဆို

တာတိုပစ်ဒုံးကျည်ပစ်လွှတ်မှုအတွက် ကျေနပ်အားရမိကြောင်းမြောက်ကိုရီးယားခေါင်းဆောင်ပြောဆို

မြောက်ကိုရီးယား၌ နိုဝင်ဘာ ၂၈ ရက်တွင် နိုင်ငံအရှေ့ဘက်ကမ်းရိုးတမ်းကမ်းလွန်ဘက်သို့ တာတိုပစ်ဒုံးကျည်နှစ်စင်းကို ဒုံးကျည်များစွာတပြိုင်နက်ပစ်ခတ်နိုင်သည့် ပစ်စင်တစ်ခုမှ စမ်းသပ်ပစ်ခတ်နိုင်ခဲ့ပြီး ယင်းစမ်းသပ်ပစ်ခတ်မှုအတွက် အလွန်အမင်းကျေနပ်အားရမိကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောဆိုခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက နိုဝင်ဘာ ၂၉ ရက်တွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် နိုဝင်ဘာ ၂၈ ရက်တွင် တာတိုပစ်ဒုံးကျည်နှစ်စင်းစမ်းသပ်ပစ်ခတ်ခဲ့ပြီး ယင်းသည် မကြာသေးမီလများအတွင်း စတုတ္ထမြောက်စမ်းသပ်မှုဖြစ်ကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့( ဂျေစီအက်စ်) က အတည်ပြုပြောဆိုခဲ့သည်။

ကေအင်န်-၂၅ ဒုံးကျည်အမျိုးအစားကို စမ်းသပ်ပစ်ခတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ဂျေစီအက်စ်ကပြောဆိုခဲ့သည်။

မြောက်ကိုရီးယားသည် ရွှေ့လျားဒုံးကျည်ပစ်စင်များမှ ဒုံးကျည်များကို ပုံမှန်ပစ်ခတ်နိုင်စွမ်းတိုးတက်လာပြီဖြစ်ကြောင်း ပြသသည့်အနေဖြင့် သြဂုတ်တွင် ကေအင်န်-၂၅ ဒုံးကျည်များကို ပထမဆုံးထုတ်ပြခဲ့သည်။ယင်းစွမ်းရည်ကြောင့် စစ်ဖြစ်လာပါက မြောက်ကိုရီးယားစစ်တပ်သည် ဒုံးကျည်တပ်ကို အမြန်ဆုံးတပ်စွဲ၊ ပစ်ခတ်ပြီး နေရာရွှေ့နိုင်စွမ်းရှိနေပြီဖြစ်သည်။

သြဂုတ်နှင့် စက်တင်ဘာတွင် ပြုလုပ်ခဲ့သည့် ပထမဆုံးအကြိမ် ကေအင်န်-၂၅ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုတွင် ဒုံးကျည်တစ်စင်းနှင့်တစ်စင်းကြား ၁၇ မိနစ်နှင့် ၁၉ မိနစ်ခြားပြီးပစ်ခတ်နိုင်ခဲ့ကြောင်း ဂျေစီအက်စ်ကပြောဆိုခဲ့သည်။ သို့သော် အောက်တိုဘာအကုန်ပိုင်းတွင် ပြုလုပ်ခဲ့သည့် စမ်းသပ်ပစ်ခတ်မှုတွင် ဒုံးကျည်တစ်စင်းနှင့်တစ်စင်းကြား ကြားအချိန်ကို သုံးမိနစ်အထိ လျှော့ချနိုင်ခဲ့ကာ နိုဝင်ဘာ ၂၈ ရက်ပစ်ခတ်မှုတွင် ၃၀ စက္ကန့်ခန့်သာ ကြာမြင့်တော့သည်။

ကြီးမားသော ဒုံးကျည်ပစ်စင်ကို လက်တွေ့အသုံးချနိုင်မှုကြောင့် မြောက်ကိုရီးယားသည် စစ်ဘက်နှင့် နည်းပညာပိ်ုင်းတွင် အဆင့်မြင့်နေပြီဖြစ်သည်မှာ သိသာထင်ရှားနေကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနကဖော်ပြခဲ့သည်။