တောင်ကိုရီးယား၌ ကျောက်မီးသွေးစွမ်းအင်သုံးစက်ရုံလေးပုံတစ်ပုံ လည်ပတ်မှု ခေတ္တရပ်ဆိုင်းမည်

တောင်ကိုရီးယား၌ ကျောက်မီးသွေးစွမ်းအင်သုံးစက်ရုံလေးပုံတစ်ပုံ လည်ပတ်မှု ခေတ္တရပ်ဆိုင်းမည်

လေထုညစ်ညမ်းမှုပြဿနာကိုဖြေရှင်းသည့်အနေဖြင့် နိ်ုင်ငံတွင်းရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံလေးပုံတစ်ပုံ၏လည်ပတ်မှုကို သုံးလခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက နိုဝင်ဘာ ၂၈ ရက်တွင်ထုတ်ပြန်ခဲ့သည်။

လေထုထဲတွင်ပါဝင်သည့် ညစ်ညမ်းမှုန်များကြောင့် အများပြည်သူကျန်းမာရေးထိခိုက်နိုင်သဖြင့် ကျောက်မီးသွေးစွမ်းအင်သုံးဓာတ်အားပေးစက်ရုံများအပေါ် မှီခိုမှုလျှော့ချရန် တောင်ကိုရီးယားအစိုးရက စီစဉ်နေခြင်းဖြစ်သည်။

တောင်ကိုရီးယား၌ လေထုညစ်ညမ်းမှုကို လူမှုရေးကပ်ဘေးအဖြစ် သတ်မှတ်ထားပြီး တရုတ်ဘက်မှ မီးခိုးမြူများလွင့်လာခြင်းကြောင့် တောင်ကိုရီးယားတွင် လေထုညစ်ညမ်းရခြင်းဖြစ်ကြောင်း ပြစ်တင်ပြောဆိုမှုများရှိခဲ့သည်။

တောင်ကိုရီးယားသည် သဘာဝအရင်းအမြစ်ရှားပါးသော်လည်း ကျောက်မီးသွေးစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ ၆၀ ခန့်ကို လည်ပတ်နိုင်နေဆဲဖြစ်သည်။ ယင်းစက်ရုံများသည် နိ်ုင်ငံလျှပ်စစ်လိုအပ်ချက်၏ ၄၀ ရာခိုင်နှုန်းကျော်ကို ထုတ်လုပ်ပေးနေသည်။

ကျောက်မီးသွေးစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ရှစ်ခုမှ ၁၅ ခုအထိ ဒီဇင်ဘာ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၉ ရက်အထိ လည်ပတ်မှုရပ်ဆိုင်းထားမည်ဖြစ်ကြောင်း တောင်ကိုရီးယားကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည်။

ထို့ပြင် စက်ရုံများမှထွက်ရှိသော အမှုန်ပမာဏကိုလည်း ၄၄ ရာခိုင်နှုန်းအထိ လျှော့ချရန် စီစဉ်ထားသည်။ လျှပ်စစ်ဓာတ်အားပုံမှန်ထောက်ပံ့ပေးနိုင်ရေးကိုသာ အဓိကထားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနကပြောဆိုခဲ့သည်။

ဆောင်းရာသီကာလအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှုမြင့်တက်လာဖွယ်ရှိနေပြီး ဇန်နဝါရီစတုတ္ထအပတ်တွင် သုံးစွဲမှုအမြင့်ဆုံးရှိလာမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။