အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ကျေးဇူးတော်နေ့အထိမ်းအမှတ်အဖြစ် နိုဝင်ဘာ ၂၈ ရက် ဒေသဆိုင်ရာစံတော်ချိန် ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးမြို့အပြင်ဘက်ရှိ ဘာဂရမ်လေတပ်စခန်းသို့ ရှောင်တခင်သွားရောက်သည်။
ထရမ့်၏ယခုခရီးစဉ်သည် အမေရိကန်ပြည်ထောင်စု၏ သက်တမ်းအကြာဆုံး စစ်ပွဲဖြစ်ပွားနေသည့် နေရာသို့ ပထမဆုံးအကြိမ်သွားရောက်ခြင်းလည်းဖြစ်သည်။ ကြက်ဆင်သားတည်ခင်းသည့် အခမ်းအနားကို ထရမ့်သည် စစ်သည်တချို့နှင့်အတူ တက်ရောက်ခဲ့သည်။
ယင်းနောက်တွင် ထရမ့်သည် အာဖဂန်သမ္မတအက်ရှ်ရက်ဂါနီနှင့်တွေ့ဆုံပြီး သန်းခေါင်အချိန်ခန့်တွင် ပြန်လည်ထွက်ခွာခဲ့သည်။ ထရမ့်၏ အာဖဂန်နစ္စတန်ခရီးစဉ်သည် ၃ နာရီခွဲခန့် ကြာမြင့်ခဲ့သည်။
အာဖဂန်နစ္စတန်တွင် အမေရိကန်တပ်သား ၁၂၀ဝ၀ ခန့်တပ်စွဲထားသည်။ ထရမ့်နှင့်အတူ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ဂျွန် ဘာရက်ဆို၊ အိမ်ဖြူတော်ဝန်ထမ်းရေးရာဦးစီးအရာရှိ၊ ပြန်ကြားရေးအတွင်းဝန်နှင့် အမျိုးသားအကြံပေးအရာရှိတို့လိုက်ပါသွားခဲ့သည်။
ထရမ့်သည် ယမန်နှစ် ခရစ္စမတ်လွန်ကာလတွင်လည်း အီရတ်သို့သွားရောက်ခဲ့ပြီးဖြစ်သည်။ ယခုခရီးစဉ်တွင် သမ္မတကတော် မဲလာနီယာထရမ့် လိုက်ပါခြင်းမရှိခဲ့ချေ။
ထရမ့်သည် စစ်စခန်းသို့ရောက်ရှိပြီးနောက် စားသောက်ခန်းကို ဦးစွာဝင်ရောက်ပြီး စစ်သည်တချို့အား ကြက်ဆင်သား တည်ခင်းခဲ့သည်။ သို့သော် ထရမ့်သည် ကြက်ဆင်သားကိုမစားဘဲ အာလူးများကိုသာ စားသုံးခဲ့သည်။
အမေရိကန်နှင့် တာလီဘန်များသည် ငြိမ်းချမ်းရေးဆွေးနွေးမှုပြုလုပ်နေပြီး မကြာသေးမီလများအတွင်း အမေရိကန်၏ထိုးစစ်များကြောင့် တာလီဘန်သည် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုရန် စိုင်းပြင်းလာပြီဖြစ်ကြောင်း ထရမ့်ကပြောဆိုခဲ့သည်။
ကဘူးမြို့၌ တာလီဘန်၏ဗုံးခွဲတိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သည်တစ်ဦးအပါအဝင် လူ ၁၂ ဦးသေဆုံးခဲ့မှုအပါအဝင် အကြမ်းဖက်မှုများစွာဖြစ်ပွားပြီးနောက် စက်တင်ဘာတွင် ထရမ့်သည် တာလီဘန်၊ အာဖဂန်ခေါင်းဆောင်များနှင့် သမ္မတအနားယူရာ ဒေးဗစ်စခန်း၌ လျှို့ဝှက်ဆွေးနွေးပွဲပြုလုပ်မည့်အစီအစဉ်ကို ဖျက်သိမ်းခဲ့သည်။

















