အာဆင်နယ်အသင်းသည် နိုဝင်ဘာ ၂၈ ရက်က ယူရိုပါလိဂ်အုပ်စုပွဲအဖြစ် အိမ်ကွင်းတွင် ဖရန့်ဖတ်နှင့် ကစားခဲ့ရာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ဒုတိယ ပိုင်းတွင် ဂိုးများပြန်ပေးခဲ့ရ၍ နှစ်ဂိုး တစ်ဂိုးဖြင့်ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
အာဆင်နယ်နည်းပြအမ်မရီသည် တိုက်စစ်တွင် အော်ဘာမီယန်ကိုအထောင်ထားခဲ့ပြီး ကွင်း လယ်တွင် ဇာကာ၊ ဒေးဗစ်လုဇ်၊ မာတင်နယ်လီ၊ ဆာကာ နှင့် ဝီလော့ခ်တို့ကို အသုံးပြုခဲ့သည်။ အာဆင်နယ်သည် ပထမပိုင်းပြီးလုချိန်တွင် ဦးဆောင်ဂိုးရရှိခဲ့ပြီး အော်ဘာ မီယန်က သွင်းယူခဲ့သည်။ ဖရန့်ဖတ်သည် ဒုတိယပိုင်း ပွဲချိန် ၅၅၊ ၆၄ မိနစ်၌ ဂိုးများရခဲ့ရာ ဂျပန်ကွင်းလယ်လူ ကာမာဒါတစ်ဦးတည်းက သွင်းယူခဲ့သည်။
အာဆင်နယ်သည် အိမ်ကွင်းတွင်ရှုံးနိမ့်ခဲ့သောကြောင့် နောက်ဆုံးကစားခဲ့သော ခုနစ်ပွဲဆက်တိုက်အနိုင်ပျောက်ကာ ၁၉၉၂ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးရလဒ်ဖြင့်ကြုံတွေ့ နေပြီး နိုင်ပွဲပျောက်ကာလ အရှည်ကြာဆုံးဖြစ်နေသည်။
အာဆင်နယ်သည် နောက်ဆုံးခုနစ်ပွဲတွင် ငါးပွဲ သရေ၊ နှစ်ပွဲ ရှုံးနိမ့်ခဲ့ပြီး ရလဒ်ဆိုးများကြောင့် ပရိသတ်များက နည်းပြအမ်မရီအား ထုတ်ပယ်ရန် တောင်းဆိုနေသည်။ အာဆင်နယ်သည် ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလက နည်းပြ ဂျော့ဂရေဟမ်လက်အောက် ရှစ်ပွဲဆက်တိုက်အနိုင်ပျောက် ခဲ့ဖူးသည်။ နည်းပြဟောင်း အာစင်ဝင်းဂါးလက်ထက် အာဆင်နယ်အသင်းမှာ ၁၂၃၅ ပွဲကစားခဲ့ရာ တစ်ကြိမ် တစ်ခါမှ ခုနစ်ပွဲဆက်တိုက်အနိုင်မပျောက်ခဲ့ပေ။
အာဆင်နယ်သည် ယူရိုပါလိဂ်ရှုံးထွက်အဆင့်တက် ရောက်ရေးမှာ နောက်ဆုံးပွဲအထိ စောင့်ကြည့်ရဦးမည်ဖြစ် သည်။ အာဆင်နယ်သည် ပရီးမီးယား၌လည်း ရလဒ်များ ဆိုးရွားကာ အဆင့်ရှစ်နေရာတွင်ရပ်တည်နေသည်။ ဖရန့် ဖတ်ပွဲအပြီး နည်းပြအမ်မရီက ခြေစွမ်းတိုးတက်မှုရှိသော် လည်း မလုံလောက်ခဲ့ကြောင်း၊ လာမည့်ပွဲအတွက်သာ စဉ်းစားနေကြောင်း ပြောခဲ့သည်။ အာဆင်နယ်သည် ပရီး မီးယားပွဲစဉ်(၁၄)အဖြစ် နောဝစ်ချ်ကွင်းသို့ သွားရောက် ကစားရမည်ဖြစ်သည်။















