အမေဇုန် မိုးသစ်တောကိုမီးရှို့ရန် ဒီကာပရီယိုရန်ပုံငွေထောက်ပံ့နေသည်ဟု ဘရာဇီးသမ္မတအထောက်အထားမဲ့ စွပ်စွဲ

အမေဇုန် မိုးသစ်တောကိုမီးရှို့ရန် ဒီကာပရီယိုရန်ပုံငွေထောက်ပံ့နေသည်ဟု ဘရာဇီးသမ္မတအထောက်အထားမဲ့ စွပ်စွဲ

အမေဇုန် မိုးသစ်တောကိုအင်န်ဂျီအိုအဖွဲ့များကမီးရှို့ရာတွင် ဟောလီးဝုဒ် မင်းသားလီယိုနာဒိုဒီကာပရီယိုသည်လည်းရန်ပုံငွေထောက်ပံ့လျက်ရှိကြောင်းဘရာဇီးသမ္မတဂျိုင်ယာဘိုဆိုနာရိုက နိုဝင်ဘာ၂၉ တွင်အထောက်အထားမဲ့ စွပ်စွဲလိုက်သည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ WWF သည် အမေဇုန် မိုးသစ်တောမီးလောင်သည့် ဓာတ်ပုံများကိုစေတနာ့ဝန်ထမ်းမီးသတ်သမားများထံမှ ငွေပေးဝယ်ယူကာထိုပုံများကိုဗန်းပြပြီး နိုင်ငံတကာမှ အလှူငွေတောင်းခံလျက်ရှိကြောင်း၊ အလှူရှင်များထဲတွင် ဒေါ်လာငါးသိန်းထည့်ဝင်သည့် ဒီကာပရီယိုလည်းပါဝင်ကြောင်းသမ္မတဘိုဆိုနာရိုကပြောသည်။

WWF ကမူဒီကာပရီယိုထံမှ ဒေါ်လာငါးသိန်းအလှူငွေလက်ခံခြင်းကိုလည်း ငြင်းဆိုထားသလို၊ မီးသတ်သမားများထံမှ ဓာတ်ပုံများငွေပေးဝယ်ယူခြင်းစွပ်စွဲချက်ကိုလည်း ငြင်းဆိုထားသည်။အမေဇုန် မိုးသစ်တောများကိုအင်န်ဂျီအိုအဖွဲ့များကမီးရှို့ကာ နိုင်ငံတကာအာရုံစိုက်မှု ရယူပြီးအလှူငွေ ရရှိအောင် ဖန်တီးနေခြင်းဖြစ်ကြောင်းသမ္မတဘိုဆိုနာရိုကယခင်ကလည်းအထောက်အထားမဲ့ စွပ်စွဲခဲ့ဖူးသည်။

“လီယိုနာဒိုဒီကာပရီယိုကသိပ်ဟုတ်နေတယ်ပေါ့လေ။ အမေဇုန်ကိုမီးရှို့ဖိုတောင် အလှူငွေတွေ ဘာတွေထည့်လို့ပါလား” ဟုသမ္မတဘိုဆိုနာရိုကသမ္မတအိမ်တော်ရှေ့တွင် ပြောကြားခြင်းဖြစ်သည်။

ဒီကာပရီယိုသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် တက်ကြွစွာဆောင်ရွက်နေသူဖြစ်ပြီးအမေဇုန် မိုးသစ်တောများမီးလောင်မှုအရေးကိုလည်းတွစ်တာတွင် မကြာမကြာဝေဖန်ရေးသားလေ့ရှိသည်။ လီယိုနာဒိုဒီကာပရီယိုဖောင်ဒေးရှင်းသည်လည်း မျိုးသုဉ်းအန္တရာယ်ရှိတောရိုင်းသက်ရှိနှင့်အပင်များကာကွယ်ရေးပရောဂျက်များဆောင်ရွက်လျက်ရှိသည်။

အမေဇုန် သစ်တောကိုတမင် မီးရှို့ကာဓာတ်ပုံရိုက်ပြီး နိုင်ငံတကာအလှူငွေတောင်းခံရန် ကြိုးပမ်းသည်ဟုစွပ်စွဲပြီးယခုသီတင်းပတ်အတွင်းအင်န်ဂျီအိုအဖွဲ့တစ်ဖွဲ့မှ စေတနာ့ဝန်ထမ်းမီးသတ်သမားများကိုဘရာဇီးအာဏာပိုင်များကဖမ်းဆီးခဲ့သော်လည်းတရားရုံးက ပြန်လွှတ်ပေးရန် ဆုံးဖြတ်ပေးခဲ့သည်။