နယ်သာလန်နိုင်ငံသည်ဟေ့ဂ်မြို့တွင် လူစည်ကားသောဈေးဝယ်ဧရိယာအတွင်း နိုဝင်ဘာ၂၉ ရက်ညပိုင်း၌ အမျိုးသားတစ်ဦးကဓားဖြင့်လိုက်ထိုးမှုကြောင့် သုံးဦးဒဏ်ရာရရှိခဲ့ပြီးထွက်ပြေးသွားသောဓားထိုးသူကိုဖမ်းမိရေးရဲတပ်ဖွဲ့က ကြိုးပမ်းလျက်ရှိကြောင်းသိရသည်။
ဓားထိုးတိုက်ခိုက်သူ၏ ရည်ရွယ်ချက်ကိုအကဲဖြတ်ရန် စောလွန်းနေသေးကြောင်း၊ အကြမ်းဖက်မှုဟုသတ်မှတ်ရန် အချက်အလက်မပြည့်စုံသေးကြောင်းနယ်သာလန် ရဲတပ်ဖွဲ့ကပြောသည်။ ဒဏ်ရာရသူသုံးဦးမှာမစိုးရိမ်ရဒဏ်ရာများဖြင့် ဆေးရုံမှ ပြန်ဆင်းနိုင်ပြီဖြစ်ကြောင်းသိရသည်။ ဗီဒီယိုမှတ်တမ်းများအရဓားထိုးတိုက်ခိုက်မှုကြောင့် လူအများကြောက်လန့်တကြားထွက်ပြေးကြသည်ကို မြင်ရပြီးရဲတပ်ဖွဲ့ ရောက်လာသည်တွင်မှ အခြေအနေတည်ငြိမ်သွားခဲ့ကြောင်းသိရသည်။
နိုဝင်ဘာ ၂၉ရက် ည ၇ နာရီ ၄၅ မိနစ်တွင် အမျိုးသားတစ်ဦးကလမ်းပေါ်တွေ့ကရာလူကိုဓားနဲ့လိုက်ထိုးပြီးနောက် ထွက်ပြေးသွားခြင်းဖြစ်သည်။ ဖြစ်နိုင်ခြေရှိသမျှစုံစမ်းစစ်ဆေးလျက်ရှိကြောင်းနယ်သာလန် ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ရေးတာဝန်ရှိသူမာရီကူပါကပြောသည်။ ခရစ္စမတ် ဈေးရောင်းပွဲရောက်ရှိတော့မည်ဖြစ်သောကြောင့် မီးများအလှဆင်ထားသည့် ဈေးဝယ်ရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အခင်းဖြစ်ပွားခဲ့သည့် ဧရိယာကိုရဲတပ်ဖွဲ့ကလုံခြုံရေးအတားအဆီးများချထားပြီးသက်သေအချက်အလက်များစုဆောင်းလျက်ရှိသည်။
နယ်သာလန် ဓားထိုးတိုက်ခိုက်မှုမတိုင်ခင် နာရီပိုင်းခန့်စောပြီးလန်ဒန်တွင်လည်းတံတားတစ်စင်းပေါ်၌ အသေခံဗုံးခွဲဝတ်စုံတုဝတ်ထားသည့် အမျိုးသားတစ်ဦးကလူအများကိုဓားဖြင့် လိုက်ထိုးမှုကြောင့် နှစ်ဦးသေဆုံးခဲ့ရပြီး၊ ဓားသမားကိုအများပြည်သူကဝိုင်းဖမ်းကာရဲတပ်ဖွဲ့ကအသေပစ်ခတ်သုတ်သင်ခဲ့ရသည်။
နယ်သာလန်တွင် အမ်စတာဒမ်မြို့၌လည်း ပြီးခဲ့သည့်နှစ်ကအလားတူဓားထိုးတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးအမေရိကန်နိုင်ငံသားခရီးသွားနှစ်ဦးဒဏ်ရာရရှိခဲ့သည်။ ထိုတိုက်ခိုက်မှုကိုအကြမ်းဖက်မှုအဖြစ် နယ်သာလန် အစိုးရစုံစမ်းစစ်ဆေးရေးမှူးများကသတ်မှတ်ခဲ့သည်။

















