ဗြိတိန်နိုင်ငံလန်ဒန်မြို့ တံတားတစ်စင်းပေါ်တွင် နိုဝင်ဘာ ၂၉ ရက်ကအသေခံဗုံးခွဲဝတ်စုံတုဝတ်ဆင်ထားသောအမျိုးသားတစ်ဦးဓားဖြင့်လိုက်ထိုးမှုကြောင့် နှစ်ဦးသေဆုံးခဲ့ပြီး၊ ထိုသူကိုလည်းရဲတပ်ဖွဲ့ကအသေပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်းသိရသည်။
ဓားထိုးတိုက်ခိုက်သူမှာအသက် ၂၈ နှစ်အရွယ် အူစမန် ခန်းဖြစ်ပြီးအကြမ်းဖက်မှုပုဒ်မဖြင့် ထောင်ဒဏ် ခြောက်နှစ်ကျခံပြီးနောက် ထောင်တွင်းကောင်းမွန်စွာနေထိုင်မှုကြောင့် ထောင်ဒဏ်နှစ်မစေ့မီ ပြီးခဲ့သည့်နှစ်ကစောစီးစွာ ပြန်လွတ်မြောက်လာသူဖြစ်ကြောင်းသိရသည်။ ဓားထိုးတိုက်ခိုက်မှုကြောင့် အခြားသူသုံးဦးလည်းဒဏ်ရာရရှိခဲ့ကြောင်းလန်ဒန်မြို့ ရဲချုပ် ခရတ်စီဒါ ဒစ်ကပြောသည်။
၂၀၁၇ ခုနှစ်ကလန်ဒန်တံတားပေါ်တွင် ဗင်ကားဖြင့် လိုက်တိုက်ကာဓားထိုးတိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် နေရာနှင့် ကိုက်အနည်းငယ်သာကွာသောနေရာတွင် အလားတူ ဖြစ်ပွားခြင်းဖြစ်သည်။
ဓားထိုးတိုက်ခိုက်သူခန်းသည် ၂၀၁၂ ခုနှစ်ကအကြမ်းဖက်မှုပုဒ်မဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ၂၀၁၈ ဒီဇင်ဘာတွင် ကန့်သတ်ချက်ဖြင့် ပြန်လွတ်လာသူဖြစ်သည်။ ကန့်သတ်ချက်များ ချိုးဖောက်ပါကထောင်တွင်းသို့ ပြန်သွားရမည်ဖြစ်သည်။
ဗြိတိန် မီဒီယာအချို့၏ ဖော်ပြချက်အရခန်းသည် ရဲများခြေရာခံနိုင်သည့် အီလက်ထရောနစ် ခြေကျင်းဝတ်ထားကြောင်းသိရသည်။ ခန်းသည် ကိန်းဘရစ်တက္ကသိုလ်ကပို့ချသောအကျဉ်းသားဟောင်းများအတွက် သင်တန်းသို့ တက်ရောက်စဉ် လူအများကိုဓားဖြင့်လိုက်ထိုးခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်မှုကဲ့သို့ ပြစ်မှုကြီးများဖြင့် ထောင်ဒဏ်ကျခံရသူများကိုစည်းကမ်းအကန့်အသတ်ဖြင့် စောစီးစွာထောင်မှပြန်လွှတ်ပေးသည့်စနစ်မျိုးမထားသင့်ကြောင်းစောစီးစွာကတည်းကမိမိထောက်ပြဝေဖန်ခဲ့သည်ဟုဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ကပြောသည်။
ဗြိတိန်တွင် ရွေးကောက်ပွဲကျင်းပရန် သီတင်းနှစ်ပတ်သာလိုတော့ချိန်တွင် ယခုလိုအကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခြင်းဖြစ်သည်။ အများပြည်သူစိုးရိမ်ထိတ်လန့်ရမှုကိုစာနာသောအားဖြင့် နိုင်ငံရေးပါတီများသည် မဲဆွယ်မှုများကိုယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်းသိရသည်။

















