ပြင်သစ်သမ္မတ အီမန်နျူရယ် မာခရွန်သည် ဦးနှောက်သေနေသူဟု တူရကီသမ္မတ ရီဆပ်တေရစ် အာဒိုဂန်က ဝေဖန်မှုကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုမြင့်တက်ကာ ပြင်သစ်အစိုးရသည် တူရကီ သံအမတ်ကို နိုဝင်ဘာ ၂၉ တွင် ခေါ်ယူပြီး ဖြေရှင်းချက်တောင်းခံခဲ့ကြောင်း သိရသည်။
လာမည့် သီတင်းပတ်တွင် နေတိုးအဖွဲ့ ထိပ်သီးအစည်းအဝေးသို့လည်း သမ္မတနှစ်ဦးလုံး တက်ရောက်ရန်ရှိနေပြီး ဆီးရီးယားတွင် တူရကီက စစ်ရေးအရှိန်မြှင့်နေမှု၊ အတ္တလန္တိတ်ဖြတ်ကျော် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုစာချုပ်တွင် တူရကီ၏ အခန်းကဏ္ဍတို့နှင့် ပတ်သက်ပြီးလည်း ငြင်းခုန်မှုများ မြင့်တက်လျက်ရှိသည်။
ဆီးရီးယားမြောက်ပိုင်းတွင် အိုင်အက်စ် အကြမ်းဖက်အဖွဲ့ချေမှုန်းရေးအတွက် အရေးပါသည့် ကာ့ဒ်တပ်ဖွဲ့များကို တူရကီက ပစ်မှတ်ထား ချေမှုန်းနေခြင်းသည် နိုင်ငံတကာအကြမ်းဖက်မှု တိုက်ဖျက်ရေး နေတိုးအဖွဲ့ လုပ်ငန်းစဉ်နှင့် ဆန့်ကျင်လျက်ရှိသောကြောင့် တူရကီကို နေတိုးအဖွဲ့ဝင်အဖြစ် လက်ခံထားမှု ပြန်လည်စဉ်းစားသင့်ကြောင်း သမ္မတ မာခရွန်က ဝေဖန်ပြောကြားခဲ့မှုအပေါ် တူရကီက မခံမရပ်နိုင်ဖြစ်ခဲ့သည်။
တူရကီသမ္မတ အာဒိုဂန်က ပြင်သစ်သမ္မတ မာခရွန် ဦးနှောက် သေ မသေ မိမိကိုယ်ကိုယ် ဦးဆုံးပြန်ဆန်းစစ်သင့်ကြောင်း၊ တူရကီကို နေတိုးအဖွဲ့မှ ထုတ်ပယ်ရန် မာခရွန်တွင် ဆုံးဖြတ်ပိုင်ခွင့်မရှိကြောင်း၊ မာခရွန်သည် နိ်ုင်ငံရေး အတွေ့အကြုံနုနယ်သူဖြစ်ကြောင်း သမ္မတ အာဒိုဂန်က ဝေဖန်ခဲ့သည်။
တူရကီက အကြမ်းဖက်သမားအဖြစ် သတ်မှတ်ထားသည့် ဆီးရီးယား ကာ့ဒ် နိုင်ငံရေးခေါင်းဆောင်တစ်ဦးကို လက်ခံတွေ့ဆုံရန် သမ္မတ မာခရွန်က သဘောတူခဲ့မှုကိုလည်း တူရကီက ပြင်းထန်စွာ ဝေဖန်ကန့်ကွက်ခဲ့သည်။
တူရကီ သံအမတ် အစ္စမေ ဟာကီ မူဆာကို ဆင့်ခေါ်ပြီး တူရကီနှင့် ပြင်သစ်အကြား မပြောသင့်သည့် စကားမျိုးကို သမ္မတ အာဒိုဂန်က ပြောကြားခဲ့မှုအတွက် ဖြေရှင်းချက်ပေးရန် ညွှန်ကြားထားကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဆီးရီးယားတွင် တူရကီ၏ ရည်ရွယ်ချက်များကို ရှင်းလင်းစွာ တင်ပြရန် နေတိုးမဟာမိတ်နိုင်ငံများကလည်း တူရကီကို သတိပေးထားကြောင်း သမ္မတ မာခရွန်၏ရုံးက ထုတ်ပြန်ပြောကြားသည်။

















