မြောက်ကိုရီးယား၏ တာတိုပစ်ဒုံးကျည်ပစ်လွှတ်ခဲ့မှုနှင့်ပတ်သက်၍ ဝေဖန်ခဲ့သည့်အတွက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် မိုက်မဲပြီး နိုင်ငံရေးအရဉာဏ်မရှိသူသာဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက နိုဝင်ဘာ ၃၀ ရက်တွင် တိုက်ခိုက်ပြောဆိုခဲ့သည်။
ရှင်ဇိုအာဘေးသည် အနာဂတ်တွင် တကယ်ပစ်ခတ်လိုက်သည့် ဒုံးကျည်နှင့်ကြုံရမည်ဖြစ်ကြောင်းလည်း မြောက်ကိုရီးယားနိ်ုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနကဖော်ပြခဲ့သည်။ နိုဝင်ဘာ ၂၈ ရက်တွင် မြောက်ကိုရီးယားသည် အရှေ့ဘက်ကမ်းလွန်သို့ တာတိုပစ်ဒုံးကျည်နှစ်စင်းစမ်းသပ်ပစ်ခတ်ခဲ့ပြီး ယင်းပစ်ခတ်နိုင်မှုနှင့်ပတ်သက်၍ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အလွန်အမင်းကျေနပ်မိကြောင်း ပြောဆိုခဲ့သည်။
မြောက်ကိုရီးယား၏ဒုံးကျည်အန္တရာယ်သည် ဂျပန်နှင့် နိုင်ငံတကာအသိုက်အဝိုင်းကို ခြိမ်းခြောက်နေကြောင်း အာဘေးက နိုဝင်ဘာ ၂၈ ရက်တွင် ဝေဖန်ပြောဆိုခဲ့သည်။ အာဘေးသည် တာတိုပစ်ဒုံးကျည်နှင့် တိုက်ချင်းပစ်ဒုံးကျည်တို့ကိုခွဲခြားမမြင်တတ်သူဖြစ်သောကြောင့် ကမ္ဘာပေါ်တွင် တစ်ယောက်တည်းသာရှိသည့် လူတုံးလူအဖြစ်သလို သမိုင်းတစ်လျှောက် ဉာဏ်အနုံ့နဲသူတစ်ဦးသာဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ရှိ ဂျပန်ရေးရာဌာနညွှန်ချုပ်ကပြောဆိုခဲ့သည်ဟု ကေစီအင်န်အေသတင်းဌာနကဖော်ပြခဲ့သည်။
မကြာတော့မည့် အနာဂတ်တွင် အာဘေးသည် တိုက်ချင်းပစ်ဒုံးကျည်ဆိုသည်မှာ မည်သည်ဖြစ်သည်ကို မျက်မြင်ကိုယ်တွေ့ကြုံရတော့မည်ဖြစ်ကြောင်း၊ အာဘေးသည် ကမ္ဘာပေါ်တွင် ယှဉ်နိုင်သူမရှိသည့် လုံးဝကို မိုက်မဲသူဖြစ်ကာ နိုင်ငံရေးအရ အမျှော်အမြင်မရှိသူသာဖြစ်ကြောင်း သတင်းဌာနက ဖော်ပြခဲ့သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်များအရ မြောက်ကိုရီးယားသည် တိုက်ချင်းပစ်ဒုံးကျည်များပစ်ခတ်မှု၊ နည်းပညာအသုံးပြုမှုများကို ပိတ်ပင်ခံထားရသော်လည်း မြောက်ကိုရီးယားကမူ ယင်းပိတ်ပင်ချက်များသည် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ခွင့်ကို ချိုးဖောက်လိုက်ခြင်းသာဖြစ်ကြောင်း တုံ့ပြန်ထားသည်။

















