ဆီးဂိမ်းအတွက် ပြင်ဆင်မှုညံ့ဖျင်းခြင်းနှင့်ပတ်သက်၍ စစ်ဆေးရန် ဖိလစ်ပိုင်သမ္မတဒူတာတေး ညွှန်ကြား

ဆီးဂိမ်းအတွက် ပြင်ဆင်မှုညံ့ဖျင်းခြင်းနှင့်ပတ်သက်၍ စစ်ဆေးရန် ဖိလစ်ပိုင်သမ္မတဒူတာတေး ညွှန်ကြား

ဖိလစ်ပိုင်နိုင်ငံ၌ နိုဝင်ဘာ ၃၀ ရက်တွင် စတင်ခဲ့သည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ( ဆီးဂိမ်း) အတွက် ကြိုတင်ပြင်ဆင်မှုများ ညံ့ဖျင်းခဲ့ခြင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက နိုဝင်ဘာ ၂၉ ရက်တွင် ညွှန်ကြားလိုက်ပြီဖြစ်သည်။

နိုင်ငံရပ်ခြားအားကစားသမားများအား သယ်ယူပို့ဆောင်ရာတွင် လွဲချော်ခြင်း၊ ဘောလုံးသမားများ လမ်းမများပေါ်တွင် လေ့ကျင့်နေရခြင်းနှင့် သန့်စင်ခန်းအကန့်ငယ်တစ်ခုထဲတွင် အိမ်သာကမုတ်နှစ်ခုထားရှိခြင်းတို့အပါအဝင် အားနည်းချက်များရှိနေသည့်အတွက် ဝေဖန်မှုများရှိနေပြီဖြစ်သည်။

လူသိထင်ရှားအဖြစ်ဆုံးမှာ မပြီးစီးသေးသည့် အားကစားရုံတစ်ဝိုက်တွင် ငြမ်းများကို မြင်တွေ့နေရခြင်းနှင့် ဆေးမသုတ်ရသေးသည့် သစ်သားများဖြင့် ဆောက်လုပ်ထားသော ယာယီသတင်းစာရှင်းခန်းတို့ဖြစ်သည်။

နိုဝင်ဘာ ၂၄ ရက်တွင် လေဆိပ်သို့ရောက်ရှိလာသည့် ဘောလုံးအသင်းများသည် လေဆိပ်တွင် သောင်တင်နေပြီး ဟိုတယ်များသို့ ရောက်ရှိရန် နာရီပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသည်။

ထိုင်းအမျိုးသားဘောလုံးအသင်းမှ အားကစားသမားများသည် လေ့ကျင့်ကွင်းမှာ တည်းခိုနေသည့် ဟိုတယ်နှင့် ဝေးကွာလွန်းသဖြင့် ဟိုတယ်နားရှိ လမ်းမများပေါ်တွင် လေ့ကျင့်မှုများကို ပြုလုပ်နေရကြောင်း အသင်းနည်းပြက ဘန်ကောက်ပို့စ်သို့ပြောဆိုခဲ့သည်။

ဆီးဂိမ်းဖြစ်မြောက်ရေးကော်မတီကလည်း လွဲချော်မှုများအတွက် တောင်းပန်ပြီး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ ဆီးဂိမ်းဖြစ်မြောက်ရေးအတွက် ငွေကြေးများစွာ အကုန်အကျခံထားရသောကြောင့် ချောမွေ့စွာကျင်းပနိုင်ရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လွဲချော်မှုများအတွက် စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ဒူတာတေးက ပြောဆိုခဲ့သည်။

ထို့ပြင် ဖိလစ်ပိုင်သည် တိုင်ဖွန်းမုန်တိုင်းအန္တရာယ်တစ်ခုနှင့် ကြုံတွေ့နေရပြီဖြစ်သည်။ တစ်နာရီ ၁၇၀ ကီလိုမီတာနှုန်းရှိသည့် တိုင်ဖွန်း ကမ်မူရီသည် ဆီးဂိမ်းကျင်းပမည့် နိ်ုင်ငံမြောက်ပိုင်းသို့ ဦးတည်လာနေပြီး ဒီဇင်ဘာ ၃ ရက်တွင် ဝင်ရောက်တိုက်ခတ်နိုင်ခြေရှိနေကြောင်း ဖိလစ်ပိုင်မိုးလေဝသဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။

ကလာ့ခ်၊ မနီလာနှင့် ဆူဘစ်တို့၌ ဒီဇင်ဘာ ၁၁ ရက်အထိ နေရာများစွာတို့၌ အားကစားနည်း ၅၆ မျိုးတွင် ယှဉ်ပြိုင်မှုများပြုလုပ်မည်ဖြစ်သည်။ သို့သော် မနီလာ၌ ယာဉ်ကြောထူထပ်ခြင်းနှင့် အားကစားခန်းမတစ်ခုနှင့်တစ်ခုကြား မော်တော်ကားဖြင့်သွားလျှင် နာရီပေါင်းများစွာကြာမြင့်မည့် အခြေအနေတို့ရှိနေသည့်အတွက် ဝေဖန်မှုများလည်းရှိနေခဲ့သည်။