အသုံးပြုသူတစ်ဦး၏ပို့စ်နှင့်ပတ်သက်၍ ပြင်ဆင်ချက်ဖော်ပြရန် ဖေ့စ်ဘွတ်ခ်ကို စင်ကာပူ ညွှန်ကြား

အသုံးပြုသူတစ်ဦး၏ပို့စ်နှင့်ပတ်သက်၍ ပြင်ဆင်ချက်ဖော်ပြရန် ဖေ့စ်ဘွတ်ခ်ကို စင်ကာပူ ညွှန်ကြား

စင်ကာပူရှိ သတင်းတုတိုက်ဖျက်ရေးဥပဒေသစ်အရ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးတင်ထားခဲ့သည့် ပို့စ်တွင် ပြင်ဆင်ချက်ထည့်သွင်းဖော်ပြပေးရန် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီအား စင်ကာပူအစိုးရက နိုဝင်ဘာ ၂၉ ရက်တွင် ညွှန်ကြားခဲ့သည်။

စတိတ်တိုင်းမ်ရီဗျူးဘလော့ခ်ကို စီမံနေသည့် အဲလက်စ်တန်က အစိုးရလျှို့ဝှက်ချက်ဖွင့်ချသူတစ်ဦးကို စင်ကာပူအစိုးရက ဖမ်းဆီးပြီး ရွေးကောက်ပွဲတွင် လိမ်လည်ခဲ့ကြောင်း နိုဝင်ဘာ ၂၃ ရက်တွင် ဖေ့စ်ဘွတ်ခ်တွင် ပို့စ်တင်ခဲ့သည်။

တန်၏ဖော်ပြချက်သည် မှားယွင်းပြီး အခြေအမြစ်မရှိသောကြောင့် ယင်းကိုပြင်ဆင်ဖော်ပြပေးရန် တန်အား စင်ကာပူအစိုးရက ကနဦးတွင် ညွှန်ကြားခဲ့သည်။ သို့သော် စင်ကာပူတွင် နေထိ်ုင်ခြင်းမရှိသည့် သြစတြေးလျနိုင်ငံသား တန်က ပြင်ဆင်ချက်ထည့်သွင်းပေးမည်မဟုတ်ကြောင်း တုံ့ပြန်ခဲ့သည်။

စင်ကာပူအစိုးရ၏တောင်းဆိုချက်ကို ပြန်လည်သုံးသပ်နေကြောင်း ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။ တန်၏ပို့စ်သည် နိုဝင်ဘာ ၂၉ ရက်အထိ ရှိနေဆဲဖြစ်သည်။ တန်သည် အဆိုပါပို့စ်ကို တွစ်တာ၊ လင့်ခ်ဒင်၊ ဂူဂဲမှတ်တမ်းတို့တွင် ဝေမျှခဲ့သေးသည်။

ဖေ့စ်ဘွတ်ခ်သည် သတင်းတုဖော်ပြချက်များ၊ အစိုးရများ၏ကျောထောက်နောက်ခံဖြင့် သတင်းမှားဖြန့်ရေးလုပ်ဆောင်မှုများ၊ အကြမ်းဖက်မှုပါဝင်သည့် အကြောင်းအရာများကို ဖြုတ်ချရန် နှောင့်နှေးမှုများအတွက် ဝေဖန်ခံခဲ့ရပြီးဖြစ်သည်။

ထို့ပြင် အစိုးရက နိုင်ငံရေးအတိုက်အခံများ၏ပို့စ်များကို ဖြုတ်ချပေးရန် တောင်းဆိုမှုများကိုလည်း အလွယ်တကူလိုက်လျောခဲ့သည့်အတွက် ဖေ့စ်ဘွတ်ခ်ကိုဝေဖန်မှုများရှိနေသည်။ ဖေ့စ်ဘွတ်ခ်သည် အစိုးရများက ၎င်းတို့၏ဒေသဆိုင်ရာဥပဒေများကို ချိုးဖောက်သည်ဟု ပြောဆိုသည့် ပို့စ်များကိုလည်း ဖြုတ်ချပေးခဲ့ပြီးဖြစ်သည်။

စင်ကာပူရှိ သတင်းတုတိုက်ဖျက်ရေးဥပဒေသည် ကျယ်ပြန့်လွန်းပြီး စင်ကာပူတွင်သာမက အရှေ့တေင်အာရှတစ်ခုလုံးရှိ အင်တာနက်လွတ်လပ်မှုများကို ထိခိုက်လာနိုင်ကြောင်း အာရှအင်တာနက်ညွန့်ပေါင်းအဖွဲ့ကပြောဆိုခဲ့သည်။