အီရတ်နိ်ုင်ငံရှိ ဆန္ဒပြမှုများအတွင်း နိုဝင်ဘာ ၂၈ ရက် တစ်ရက်တည်းမှာပင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ပစ်ခတ်မှုကြောင့် ဆန္ဒပြသူ ၄၀ ကျော်သေဆုံးခဲ့ပြီးနောက် အီရတ်ဝန်ကြီးချုပ် အက်ဒယ် အက်ဘ်ဒူ-မာဒီက ဝန်ကြီးချုပ်အဖြစ်မှနုတ်ထွက်မည်ဖြစ်ကြောင်း အသိပေးစာကို လွှတ်တော်သို့ တင်သွင်းလိုက်ပြီဖြစ်ကြောင်း နိုဝင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။
အက်ဘ်ဒယ်-မာဒီအား ထောက်ခံမှုကို ရုပ်သိမ်းရန် အီရတ်ရှိ ရှီယိုက်ဘာသာရေးခေါင်းဆောင်က လွှတ်တော်အမတ်များအား တိုက်တွန်းခဲ့ပြီးနောက် ဝန်ကြီးချုပ်အဖြစ် ၁၃ လ တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်သည့် အက်ဘ်ဒယ်-မာဒီသည် နုတ်ထွက်မည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ နုတ်ထွက်မည်ဖြစ်ကြောင်း အက်ဘ်ဒယ်-မာဒီက ကြေညာခဲ့ပြီးနောက် ဘဂ္ဂဒက်ရှိ တာရီရာရင်ပြင်တွင် နှစ်လကြာ စခန်းချနေသည့် အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများ အောင်ပွဲခံခဲ့ကြသည်။
သို့သော် အက်ဘ်ဒယ်-မာဒီ နုတ်ထွက်ရန် ဆုံးဖြတ်ခြင်းသည် ရှည်လျား ခက်ခဲသည့် တိုက်ပွဲအတွက် တစ်ခုတည်းသော အောင်ပွဲသာဖြစ်ပြီး ၂၀ဝ၃ လွန် နိ်ုင်ငံရေးစနစ်တစ်ခုလုံးကို ဖျက်သိမ်းနိုင်မှသာ အပြီးသတ်အောင်ပွဲရမည်ဖြစ်ကြောင်း ဆန္ဒပြသူများကပြောဆိုခဲ့သည်။
ဆန္ဒပြမှုများဖြစ်ပွားခဲ့သည့် အောက်တိုဘာ ၁ ရက်မှစ၍ လူ ၄၀ဝ နီးပါး သတ်ဖြတ်ခံခဲ့ရပြီးဖြစ်သည်။ အက်ဘ်ဒူ-မာဒီသည် ၂၀ဝ၃ ခုနှစ်မှစ၍ ပဉ္စမြောက် အီရတ်ဝန်ကြီးချုပ်ဖြစ်သည်။ ဝန်ကြီးချုပ်၏နုတ်ထွက်စာနှင့်ပတ်သက်၍ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ပြီးပါက ဝန်ကြီးချုပ်သစ်တင်မြှောက်ရန် လပေါင်းများစွာ အချိန်ယူရဦးမည်ဖြစ်ကြောင်း အီရတ်အစိုးရအရာရှိများကပြောဆိုခဲ့သည်။
အက်ဘ်ဒူ-မာဒီသည် မကြာသေးမီလများအတွင်း အာရပ်ကမ္ဘာတွင် လူထုဆန္ဒပြမှုကြောင့် ရာထူးမှနုတ်ထွက်ရသည့် ဒုတိယမြောက်ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ လက်ဘနွန်ဝန်ကြီးချုပ် ဆာယက် ဟာရီရီသည် နိုင်ငံရေးအကျပ်အတည်းကြုံခဲ့ပြီးနောက် အောက်တိုဘာ ၂၉ ရက်တွင် ရာထူးမှနုတ်ထွက်ခဲ့ရသည်။
အက်ဘ်ဒူ-မာဒီသည် နုတ်ထွက်စာကို ချက်ချင်းလက်ခံပြီး လက်ရှိအစိုးရကို ကြားဖြတ်အစိုးရအဆင့်သို့ အဆင့်ချ ပြောင်းလဲသတ်မှတ်နိုင်သော အာဏာရှိသည့် သမ္မတထံသို့ တိုက်ရိုက်မတင်ဘဲ လွှတ်တော်သို့ တင်လိုက်ခြင်းကြောင့် အချိန်ဆွဲထားရန် ရည်ရွယ်ချက်ရှိပုံရကြောင်း အစိုးရအရာရှိများက ပြောဆိုခဲ့သည်။

















