မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ယနေ့ည အက်စတွန် ဗီလာနှင့်ကစားရမည့် ပရီးမီးယားလိဂ် ပွဲစဉ်(၁၄)မတိုင်မီ ဒဏ်ရာရကစားသမားအခြေအနေကို ထုတ်ဖော်ပြောကြား ခဲ့သည်။
မန်ယူ ကစားသမားတစ်ဦးဖြစ်သော မတ်တွန်မီ နေးမှာ ဗီလာနှင့်ကစားမည့်ပွဲတွင် အသင်းအတွက်ပြန်လည် ပါဝင်ရန်ရှိနေပြီး ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာမှာ ပါဝင် ကစားရန် သေချာမှုမရှိပေ။
စကော့တလန် ကစားသမား မတ်တွန်မီနေးသည် နိုဝင်ဘာ ၁၀ ရက်က ဘရိုက်တန်အား သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲနောက်ပိုင်း မန်ယူအသင်း အတွက် ကစားနိုင်ခြင်း မရှိခဲ့ပေ။ တွန်မီနေးသည် မန်ယူ အတွက် အားကိုးရသည့် ကစားသမားဖြစ်နေ၍ ပြန်လည် ပါဝင်ကစားနိုင်ခြင်းက ဆိုးလ်ရှားအတွက် သတင်းကောင်း ဖြစ်နေသည်။ ကွင်းလယ်လူ ပေါ့ဘာမှာမူ ရာနှုန်းပြည့် ကြံ့ခိုင်မှုရရှိရန် ကြိုးစားနေရသည်။
မန်ယူနည်းပြ ဆိုးလ်ရှားက "အသင်းအတွက် စကော့ တွန်မီနေး အမြန်ဆုံး ကစားပေးနိုင်ဖို့ ကျွန်တော်တို့ မျှော် လင့်ထားပါတယ်။ ဗီလာပွဲမှာ သူကစားနိုင်မလားဆိုတာ စောင့်ကြည့်ရမယ်။ သေချာတာကတော့ သူဟာ စပါးနဲ့ပွဲ ဝင်ကစားဖို့ ကြံ့ခိုင်မှု ပြည့်ဝနေမှာပါ။ ပေါ့ဘာကတော့ လေ့ကျင့်ခန်းတွေ အပြင်းအထန် ပြုလုပ်နေတယ်။ သူဘယ် အချိန် ကစားနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ သူ့ကို လည်း အသင်းနဲ့ အမြန်ဆုံး ပါစေချင်တယ်"ဟု ပြောသည်။
ပေါ့ဘာသည် ခြေချင်းဝတ်ဒဏ်ရာကြောင့် စက်တင်ဘာ နှောင်းပိုင်းကတည်းက မန်ယူအသင်းအတွက် ကစားနိုင် ခြင်းမရှိပေ။ ဒဏ်ရာကြောင့် ပေါ့ဘာအနားယူနေရသည့်အချိန် ကွင်းလယ်၌ ခြေစွမ်းပြ ကစားနိုင်သည့် မတ်တွန်မီနေးနှင့် ဖရက်ဒ်တို့၏ ခြေစွမ်းကို မန်ယူနည်းပြဆိုးလ်ရှားက သဘောကျနေသည်။
မန်ယူအသင်း နောက်ခံလူ လုခ်ရှော မှာ ဒဏ်ရာပြန်ကောင်းလာပြီးနောက် ဗီလာပွဲတွင် အရန် ကစားသမားအဖြစ် ပါဝင်ဖွယ်ရှိနေသည်။ ဒဏ်ရာကြောင့် နှစ်လ နားခဲ့ရသည့် မာတစ်မှာ မန်ယူပွဲထွက်လူစာရင်းတွင် ပြန်လည် ပါဝင်ရန်ရှိနေသည်။















