အင်္ဂလန်သို့လူကုန်ကူးခံရကာ ထရပ်ကားအတွင်းသေဆုံးသူ ဗီယက်နမ် ၃၉ ဦး၏လက်ကျန်ရုပ်အလောင်းများ နိုင်ငံသို့ ပြန်ရောက်

အင်္ဂလန်သို့လူကုန်ကူးခံရကာ ထရပ်ကားအတွင်းသေဆုံးသူ ဗီယက်နမ် ၃၉ ဦး၏လက်ကျန်ရုပ်အလောင်းများ နိုင်ငံသို့ ပြန်ရောက်

အင်္ဂလန်သို့ လူကုန်ကူးခံရကာ ထရပ်ကားအတွင်း ပြီးခဲ့သည့်လက သေဆုံးခဲ့သည့် ဗီယက်နမ် နိုင်ငံသား ၃၉ ဦး၏ နောက်ဆုံးလက်ကျန် ရုပ်အလောင်းများ ဇာတိနိုင်ငံသို့ နိုဝင်ဘာ ၃၀ ရက်တွင် ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။

ရုပ်အလောင်း ၁၆ လောင်းပါဝင်သည့် သေတ္တာများသည် လန်ဒန်မှ ဟနွိုင်းလေဆိပ်သို့ နိုဝင်ဘာ ၃၀ ရက်တွင် ရောက်ရှိလာပုံကို နိုင်ငံပိုင် ဗီယက်နမ် သတင်းဌာနကလည်း ဖော်ပြခဲ့သည်။ သက်ဆိုင်ရာ ရုပ်အလောင်းများ ပါဝင်သည့် သေတ္တာများကို လူနာတင်ယာဉ် အသီးသီးပေါ်သို့ တင်ကာ နိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ ပြည်နယ်များမှ မိသားစုများထံသို့ ပို့ဆောင်ပေးခဲ့သည်။

အောက်တိုဘာ ၂၃ ရက်က လန်ဒန်အရှေ့ပိုင်း ဂရေးမြို့တွင် ထရပ်ကား နောက်ခန်းထဲ၌ ရုပ်အလောင်းများကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ သေဆုံးသူများသည် အသက် ၁၅ မှ ၄၄ ကြားဖြစ်ကြောင်း လန်ဒန် ရဲတပ်ဖွဲ့က ပြောသည်။

သေဆုံးရခြင်း အသေးစိတ် အကြောင်းရင်း ထုတ်ပြန်ခြင်းမရှိသေးသော်လည်း ထရပ်ကား နောက်ခန်းအတွင်း အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် သေဆုံးခြင်းဖြစ်နိုင်ကြောင်း အကြမ်းဖျင်း ကောက်ချက်ချထားကြသည်။

သေဆုံးသူများထဲတွင် အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၈ ဦး ပါဝင်သည်။ လူကုန်ကူးကာ အင်္ဂလန်သို့ ခိုးသွင်းမှုဖြင့် ဗြိတိန်နှင့် ဗီယက်နမ်တို့တွင် သံသယရှိသူ အများအပြားကိုလည်း ဖော်ထုတ်ဖမ်းဆီးထားသည်။

သေဆုံးသူများအနက် အသက် ၁၉ နှစ်အရွယ် ဘူ သီနန်၏ ရုပ်အလောင်းသည် နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းတွင် ဇာတိရွာဖြစ်သော ဒိုသန်သို့ ရောက်ရှိခဲ့သည်။ ကတ်သလစ် ဘာသာဝင် ရွာခံများနှင့် မိသားစုဝင်များက ရွာသို့အဝင်လမ်း၌ ပန်းများကိုင်ပြီး စောင့်ကြိုခဲ့ကာ ပူတန် ဘုရားကျောင်းသို့ ရုပ်အလောင်းကို သယ်ဆောင်သွားခဲ့ကြသည်။ အသုဘအခမ်းအနားကို ဒီဇင်ဘာ ၁ ရက်တွင် ကျင်းပခဲ့ပြီး မြေမြှုပ်သင်္ဂြိုဟ်ခဲ့သည်။

ကနဦး ရောက်ရှိသည့် ရုပ်အလောင်း ၁၆ လောင်းကိုလည်း နိုဝင်ဘာ ၂၇ ရက်က မိသားစုများထံ ပေးပို့ခဲ့ပြီး နောက်တစ်ရက်တွင် အသုဘအခမ်းအနားများ ကျင်းပခဲ့ကြသည်။