အိန္ဒိယအမျိုးသမီးကို လိင်ပိုင်းအနိုင်ကျင့်အလောင်းဖျောက်သူများကို ထိန်းသိမ်းသောရဲစခန်းအား ပိတ်ဆို့ဆန္ဒပြ

အိန္ဒိယအမျိုးသမီးကို လိင်ပိုင်းအနိုင်ကျင့်အလောင်းဖျောက်သူများကို ထိန်းသိမ်းသောရဲစခန်းအား ပိတ်ဆို့ဆန္ဒပြ

အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့၌ အသက် ၂၇ နှစ်အရွယ် တိရစ္ဆာန်ဆေးကုဆရာဝန် အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့လိင်ပိုင်းအနိုင်ကျင့်ပြီး သတ်ဖြတ်ကာ ရုပ်အလောင်းကို မီးရှို့ဖျောက်ဖျက်ခဲ့မှုဖြင့် သံသယရှိသည့် အမျိုးသားလေးဦးကို ထိန်းသိမ်းထားသော ရဲတပ်ဖွဲ့စခန်းကို လူရာပေါင်းများစွာက နိုဝင်ဘာ ၃၀ ရက်တွင် ဝန်းရံပိတ်ဆို့ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

လူအုပ်ကြီးသည် ရဲတပ်ဖွဲ့စခန်းတွင်း ဝင်ရောက်ရန် ကြိုးပမ်းခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်များက နံပါတ်တုတ်များသုံးပြီး လူစုခွဲခဲ့ရသည်။ သံသယရှိသူလေးဦးကို အမြန်ဆုံးဖမ်းမိခဲ့သော်လည်း ယခုကဲ့သို့ လိင်ပိုင်းအနိုင်ကျင့်သတ်ဖြတ်မှုနှင့်ပတ်သက်၍ နိုင်ငံတစ်ဝန်း မကျေမနပ်ဖြစ်မှုများ ကြီးထွားလာခဲ့သည်။

ဟိုက်ဒရာဘတ် ရဲတပ်ဖွဲ့စခန်း၏ လုံခြုံရေးအတွက် စိုးရိမ်ရသဖြင့် ရဲတပ်ဖွဲ့ဝင်များသည် အခြားရဲတပ်ဖွဲ့စခန်းများမှ ရဲတပ်ဖွဲ့ဝင်များကိုလည်း အင်အားဖြည့်ခေါ်ယူခဲ့ရသည်။

နိုဝင်ဘာ ၃၀ ရက်တွင် အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီရှိ လွှတ်တော်အဆောက်အအုံရှေ့၌လည်း အမျိုးသမီးတစ်ဦး တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။ အမျိုးသမီးများသည် ကိုယ့်နိုင်ငံတွင်းမှာပင် မလုံခြုံတော့ကြောင်း ရေးသားထားသည့် ကတ်ပြားကို ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ်အတွင်း လိင်ပိုင်းအနိုင်ကျင့်ခံရကြောင်း တိုင်ကြားမှု ၃၂၀ဝ၀ ကျော်ရှိခဲ့ကြောင်း အစိုးရ၏ စာရင်းများတွင် ဖော်ပြထားသည်။ အိမ်နီးချင်းတစ်ဦး၏ လိင်ပိုင်းအနိုင်ကျင့်ခံရပြီး မီးရှို့ခံခဲ့ရသည့် အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ဒေလီရှိ ဆေးရုံတစ်ရုံ၌ ၁၀ ရက်ကြာ တက်ရောက်ကုသမှုခံယူခဲ့ပြီးနောက် နိုဝင်ဘာ ၃၀ ရက်တွင် သေဆုံးခဲ့သည်။

အသက် ၂၇ နှစ်အရွယ် တိရစ္ဆာန်ဆေးကုဆရာဝန် အမျိုးသမီးသည် နိုဝင်ဘာ ၂၇ ရက်တွင် ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။ လိင်ပိ်ုင်းအနိုင်ကျင့်ကာ မီးရှို့ခံထားရသည့် အမျိုးသမီး၏ရုပ်အလောင်းမှ ပြာများကို နိုဝင်ဘာ ၂၈ရက် အစောပိုင်းတွင် တွေ့ရှိခဲ့ရသည်။ သံသယတရားခံများသည် ရုပ်အလောင်းကို စောင်ဖြင့်ပတ်ကာ ဓာတ်ဆီလောင်းပြီး မီးရှို့ဖျောက်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

ပြစ်မှုကျူးလွန်သူများအား ကြီးလေးသည့် ပြစ်ဒဏ်ချမှတ်ရမည်ဖြစ်ကြောင်း ရာဇသန်ပြည်နယ်ဝန်ကြီးချုပ် အာရှော့ ဂီလော့က ပြောဆိုခဲ့သည်။