ဟောင်ကောင်၌ အကြမ်းဖက်မှုများဖြစ်ပွားစေရန် ကုလလူ့အခွင့်အရေးကော်မရှင်နာ လှုံ့ဆော်နေဟု တရုတ်အစိုးရ စွပ်စွဲ

ဟောင်ကောင်၌ အကြမ်းဖက်မှုများဖြစ်ပွားစေရန် ကုလလူ့အခွင့်အရေးကော်မရှင်နာ လှုံ့ဆော်နေဟု တရုတ်အစိုးရ စွပ်စွဲ

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာ မီရှဲ ဘာရှဲလေသည် ဟောင်ကောင်၌ အစွန်းရောက်အကြမ်းဖက်မှုများ ဖြစ်ပွားစေရန် သွေးထိုးလှုံ့ဆော်နေကြောင်း တရုတ်အစိုးရက နိုဝင်ဘာ ၃၀ ရက်တွင် စွပ်စွဲပြောဆိုခဲ့သည်။
 

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်၏ အစိုးရသည် ဟောင်ကောင်ရှိ အကျပ်အတည်း ပြေလည်သွားရေးအတွက် အဓိပ္ပာယ်ပြည့်ဝပြီး သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး ပါဝင်သော ဆွေးနွေးမှုများကို ပြုလုပ်သင့်ကြောင်း ဘာရှဲလေက တောင်တရုတ်နံနက်ခင်းသတင်းစာ၌ ရေးသားခဲ့သည်။

ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က လူစုခွဲစဉ်အတွင်း အင်အားသုံးခဲ့သည်ဆိုသည့် စွဲချက်များနှင့် ပတ်သက်၍လည်း လွတ်လပ်ပြီး အမှီအခိုကင်းသော တရားသူကြီးတစ်ဦး ခေါင်းဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းကာ စစ်ဆေးသင့်ကြောင်း ဘာရှဲလေက လမ်အား တိုက်တွန်းခဲ့သည်။ ဇွန်လတွင် စတင်ခဲ့သည့် ဆန္ဒပြမှုများအတွင်း ရဲတပ်ဖွဲ့က အင်အားအလွန်အကျွံ သုံးစွဲမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးပေးရန် ဆန္ဒပြသူများကလည်း တောင်းဆိုခဲ့သည်။

ဘာရှဲလေ၏ ဆောင်းပါးသည် တရုတ်၏ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ပြီး ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့တို့အပေါ် ဖိအားပေးမှုသာဖြစ်ကြောင်း ဂျနီဗာရှိ တရုတ်သံတမန်အဖွဲ့က ပြောဆိုခဲ့သည်။

ဆန္ဒပြမှုများစတင်ချိန်မှစ၍ ဆန္ဒပြသူအချို့သည် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ထိခိုက်အောင် လုပ်ဆောင်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများဖျက်ဆီးခြင်း၊ တရုတ်လိုလားသော ဈေးဆိုင်များကို တိုက်ခိုက်ခြင်း၊ ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်ဆုံမှုအတွင်း ဓာတ်ဆီဗုံးများဖြင့် တိုက်ခိုက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

လွန်ခဲ့သော ရုံးပိတ်ရက်တွင် ပြုလုပ်ခဲ့သည့် ဟောင်ကောင်ရွေးကောက်ပွဲမတိုင်မီ ရက်အနည်းငယ်အလိုတွင် တည်ငြိမ်မှုအနည်းငယ်ရှိခဲ့ပြီး ယင်းကဲ့သို့ ဆက်လက်တည်ငြိမ်ပေးပါရန် လမ်က တောင်းဆိုခဲ့သော်လည်း ဆန္ဒပြသူများ၏ တောင်းဆိုမှုများကိုမူ လိုက်လျောမည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ ဟောင်ကောင်ရဲတပ်ဖွဲ့သည် ဆန္ဒပြပွဲများနှင့် ဆက်စပ်ပြီး လူ ၅၈၉၀ ဦးကို ဖမ်းဆီးထားပြီးဖြစ်သည်။