မိုဘိုင်းဖုန်းသုံးသူတိုင်း၏ မျက်နှာကို စကန်ဖတ် မှတ်တမ်းတင်မည့်စနစ် တရုတ် စတင်ကျင့်သုံး

မိုဘိုင်းဖုန်းသုံးသူတိုင်း၏ မျက်နှာကို စကန်ဖတ် မှတ်တမ်းတင်မည့်စနစ် တရုတ် စတင်ကျင့်သုံး

မိုဘိုင်းဖုန်းဝန်ဆောင်မှု အသစ် ရယူသူတိုင်း၏ မျက်နှာကို စကန်ဖတ် မှတ်တမ်းတင်မည့်စနစ်ကို တရုတ်အစိုးရက ဒီဇင်ဘာ ၁ ရက်တွင် စတင်ကျင့်သုံးပြီဖြစ်သည်။

စကန်ဖတ်မည့်စနစ်ကို ကျင့်သုံးမည်ဟု စက်တင်ဘာလကတည်းက ကြေညာထားခဲ့ခြင်းဖြစ်သည်။ ဆိုက်ဘာနယ်ပယ်တွင် နိုင်ငံသားများ၏ အခွင့်အရေးများကို ကာကွယ်ပေးနိုင်ရန်အတွက် မျက်နှာစကန်ဖတ် မှတ်တမ်းတင်သည့်စနစ်ကို ကျင့်သုံးရခြင်းဖြစ်ကြောင်း အစိုးရက ရှင်းလင်းပြောကြားသည်။ တရုတ်သည် မျက်နှာစကန်နည်းပညာတွင် အခြားနိုင်ငံများထက် ရှေ့တန်းရောက်လျက်ရှိပြီး အများပြည်သူ စီမံကွပ်ကဲရေးတွင် ထိုနည်းပညာကို တိုးမြှင့်အသုံးပြုလာမှုကြောင့်လည်း ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ဝေဖန်မှုများနှင့်လည်း ကြုံတွေ့ရလျက်ရှိသည်။

ဖုန်းကတ်အသစ် လျှောက်ထားခြင်း၊ ဖုန်းအင်တာနက် အသုံးပြုခ ကန်ထရိုက်စာချုပ် ချုပ်ဆိုခြင်းများ ပြုသည့်အခါ မှတ်ပုံတင်ပြရမည်ဖြစ်သလို၊ ဓာတ်ပုံလည်း ပေးရမည်ဖြစ်သည်။ ထိုစနစ်ကို အခြားနိုင်ငံများတွင်လည်း ကျင့်သုံးလျက်ရှိပြီး တရုတ်အစိုးရက ထပ်တိုးကာ မျက်နှာကို စကန်ဖတ်ပြီး ပေးထားသည့် ဓာတ်ပုံနှင့် ကိုက်ညီခြင်း ရှိ မရှိ၊ မှတ်ပုံတင်ပိုင်ရှင် အစစ် ဟုတ်မဟုတ်ကိုပါ တိုက်ဆိုင်စစ်ဆေး အတည်ပြုမည်ဖြစ်သည်။

နိုင်ငံအတွင်း အင်တာနက်သုံးသူများ အကောင့်တုများဖြင့် ဖုံးဖိအသုံးပြုခြင်း မရှိစေရန် မှတ်ပုံတင်အစစ်ဖြင့် အကောင့်ဖွင့်ရမည့် စနစ်ကိုလည်း ပြီးခဲ့သည့် နှစ်ပိုင်းများကတည်းက တရုတ်အစိုးရက စတင်ခဲ့သည်။ ၂၀၁၇ ခုနှစ်မှ စတင်ကာ တရုတ်ပြည်တွင်း အင်တာနက်ကုမ္ပဏီများသည် ၎င်းတို့ထံတွင် အကောင့်ဖွင့်သူတိုင်းကို မှတ်ပုံတင်အစစ် တောင်းခံစစ်ဆေးပြီးမှ အကောင့်ဖွင့်ခွင့်ပေးရမည်ဟု အစိုးရက သတ်မှတ်ခဲ့သည်။

မှတ်ပုံတင်သာမက မျက်နှာစကန်ပါ ဖတ်ထားမည့်စနစ်ကြောင့် အင်တာနက်ပေါ်တွင် လိမ်လည်လှည့်ဖျားခြင်းများကို တားဆီးနိုင်ကာ နိုင်ငံသားများ၏ ရပိုင်ခွင့်များကို ဆိုက်ဘာနယ်ပယ်တွင် ပိုမိုကာကွယ်ပေးနိုင်လာမည်ဖြစ်ကြောင်း တရုတ် စက်မှုနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားသည်။

ယခုစနစ်တွင် ကောင်းကွက်များရှိသလို၊ နိုင်ငံသားတိုင်းကို အစိုးရက ထောက်လှမ်းစောင့်ကြည့်နေနိုင်မည့် ဆိုးကွက်လည်း ရှိနေကြောင်း အောက်စ်ဖို့ဒ် တက္ကသိုလ်မှ တရုတ် ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ကျွမ်းကျင်သူ ဂျက်ဖရီ တင်က မှတ်ချက်ပေးသည်။