သည်ဟေ့ဂ်မြို့လယ်၌ လူအများကို ဓားထိုးထွက်ပြေးသူ သံသယတရားခံ ဖမ်းမိ

သည်ဟေ့ဂ်မြို့လယ်၌ လူအများကို ဓားထိုးထွက်ပြေးသူ သံသယတရားခံ ဖမ်းမိ

နယ်သာလန်နိုင်ငံ သည်ဟေ့ဂ်မြို့တွင် နိုဝင်ဘာ ၂၉ ရက်ညပိုင်းက လူစည်ကားသည့် မြို့လယ်ဈေးဝယ်ရပ်ကွက်၌ လူအများကို ဓားနှင့်လိုက်ထိုးကာ ထွက်ပြေးသွားသည့် သံသယတရားခံကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း နယ်သာလန်ရဲတပ်ဖွဲ့က နိုဝင်ဘာ ၃၀ ရက်ညပိုင်း၌ ထုတ်ပြန်ကြေညာသည်။

သံသယတရားခံသည် အသက် ၃၅ နှစ်အရွယ် အိမ်ခြေရာမဲ့တစ်ဦးဖြစ်ကြောင်းသာ ထုတ်ပြန်ထားပြီး အသေးစိတ် အချက်အလက်များ ထုတ်ပြန်ခြင်းမရှိသေးဘဲ စစ်ဆေးနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီး မာဂျီ ကူပါက ပြောသည်။

ဓားထိုးခံရသည့် ၁၅ နှစ်သမီး နှစ်ဦးနှင့် ၁၃ နှစ်သား တစ်ဦးတို့ မစိုးရိမ်ရသည့်ဒဏ်ရာများဖြင့် နိုဝင်ဘာ ၂၉ ရက် ညပိုင်းက ဆေးရုံမှ ပြန်ဆင်းနိုင်ကြပြီဖြစ်သည်။ ဒဏ်ရာရရှိသူများကို ရဲတပ်ဖွဲ့က တွေ့ဆုံမေးမြန်းကာ မျက်မြင်သက်သေအချက်အလက်များ စုဆောင်းလျက်ရှိသည်။

ဈေးဝယ်စင်တာများဖြင့် စည်ကားသော သည်ဟေ့ဂ်မြို့လယ်သည် လုံခြုံရေးကင်မရာ အများအပြား တပ်ဆင်ထားသဖြင့်လည်း ဗီဒီယိုမှတ်တမ်းများကို အဓိကအားပြုကာ ဓားထိုးထွက်ပြေးသူကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

နယ်သာလန် ဓားထိုးတိုက်ခိုက်မှုမတိုင်မီ နာရီပိုင်းခန့်ကပင် လန်ဒန်မြို့ တံတားတစ်စင်းပေါ်တွင် အသေခံ ဗုံးခွဲဝတ်စုံတု ဝတ်ဆင်ထားသည့် လူတစ်ဦးက အများပြည်သူကို ဓားနှင့်လိုက်ထိုးမှုကြောင့် နှစ်ဦးသေဆုံးကာ၊ အများအပြား ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့က ထိုသူကို အသေပစ်ခတ် ဖမ်းဆီးခဲ့ရသည်။ ထိုတိုက်ခိုက်မှုကို အကြမ်းဖက်မှုအဖြစ် လန်ဒန် ရဲတပ်ဖွဲ့က သတ်မှတ်ထားသည်။

နယ်သာလန် ရဲတပ်ဖွဲ့ကမူ သည်ဟေ့ဂ်မြို့လယ် ဓားထိုးတိုက်ခိုက်သူ၏ ရည်ရွယ်ချက်ကို စစ်ဆေးဆဲဖြစ်ကြောင်းသာ ထုတ်ပြန်ထားပြီး အကြမ်းဖက်မှုမြောက်သည့် ရည်ရွယ်ချက် ရှိ မရှိကို ထုတ်ပြန်ခြင်း မရှိသေးပေ။ ဈေးဝယ်သူများ၊ ညပိုင်းအပြင်ထွက် ပျော်ရွှင်ကြသူများဖြင့် စည်ကားသော မြို့လယ်ရပ်ကွက်တွင် ည ၇ နာရီ ၄၅ မိနစ်ခန့်က ဓားထိုးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့သည် ထိုဧရိယာကို ပိတ်ဆို့ကာ သက်သေအချက်အလက်များ ကောက်ယူစုဆောင်းခဲ့ပြီး ထွက်ပြေးသွားသည့် တရားခံကို ဖော်ထုတ်နိုင်ရေး ကြိုးပမ်းခဲ့ကာ နိုဝင်ဘာ ၃၀ ရက်ညပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်။