ကျောက်မီးသွေးစွမ်းအင်သုံးပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကို ချက်ချင်းရပ်ဆိုင်းပေးရန် ဂျာမနီအစိုးရအား တောင်းဆိုသည့်အနေဖြင့် ရာသီဥတုအရေး လှုပ်ရှားသူများသည် ဂျာမနီနိုင်ငံ အရှေ့ပိုင်းရှိ ကျောက်မီးသွေးသတ္တုတွင်းများကို စီးနင်းဝင်ရောက်ပြီး ချီတက်ဆန္ဒပြခဲ့ကြသည်။
နိုဝင်ဘာ ၃၀ ရက်တွင် ကော့ဘုစ်နှင့် လိုက်ပ်ဇစ် အနီးရှိ ကျောက်မီးသွေးတွင်းများကို စီးနင်းဝင်ရောက်မှုတွင် လူ ၂၀ဝ၀ ကျော်ပါဝင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ခန့်မှန်းထားသည်ဟု ဒီပီအေသတင်းဌာနက ဖော်ပြခဲ့သည်။ဆန္ဒပြသူအချို့နှင့် ရဲတပ်ဖွဲ့ဝင်များကြား ထိပ်တိုက်ဆုံမှုများရှိခဲ့သည်။ ကော့ဘုစ်နားရှိ ယန်ရှဗေးဒေသတ္တုတွင်း၌ ထိပ်တိုက်ဆုံမှုအတွင်း ရဲတပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ပိုင်နက်ကျူးကျော်မှုနှင့် လက်ရောက်မှုများအတွက် စုံစမ်းစစ်ဆေးပေးရန် သတ္တုတွင်းကုမ္ပဏီက ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်ထားသည်။
ကျောက်မီးသွေးများ မီးရှို့မှုကြောင့် ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထွက်ရှိလာပြီး ယင်းသည် ကမ္ဘာကြီးပူနွေးလာမှုအတွက် အဓိကလက်သည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ထောက်ပြထားသည်။ ဂျာမနီအစိုးရသည် ၂၀၃၈ ခုနှစ်ရောက်ရှိချိန်တွင် ကျောက်မီးသွေးစွမ်းအင်အသုံးပြုမှုကို လုံးဝရပ်ဆိုင်းရန် စီစဉ်ထားသည်။
ထို့ပြင် ထိခိုက်နစ်နာသွားသည့် ကျောက်မီးသွေးတွင်းများအား အကူအညီပေးရန် ယူရို ၄၀ ဘီလျံကိုသုံးစွဲရန်လည်း စီစဉ်ထားသည်။ကမ္ဘာတစ်ဝန်း ကျောက်မီးသွေးစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများနှင့် ပတ်သက်၍ ချီတက်ဆန္ဒပြမှုများရှိခဲ့ပြီးဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံ၌ ဂရင်းပိစ် သဘာဝပတ်ဝန်းကျင်အဖွဲ့ အပါအဝင် သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ၏ မကြာခဏ ဆန္ဒထုတ်ဖော်ဖိအားပေးမှုများကြောင့် တောင်ကိုရီးယားအစိုးရသည် ကျောက်မီးသွေးစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ လေးပုံတစ်ပုံကို ခေတ္တရပ်ဆိုင်းထားရန် မကြာသေးမီရက်များအတွင်း ဆုံးဖြတ်ခဲ့သည်။

















