အင်္ဂလန်အဆင့်မြင့်တန်း ရှုံးပွဲမရှိ အရှည်ကြာဆုံးစံချိန် လီဗာပူးလိုက်မီ၊ ၃၁ ပွဲဆက် ရလဒ်ကောင်းခဲ့

အင်္ဂလန်အဆင့်မြင့်တန်း ရှုံးပွဲမရှိ အရှည်ကြာဆုံးစံချိန် လီဗာပူးလိုက်မီ၊ ၃၁ ပွဲဆက် ရလဒ်ကောင်းခဲ့

လီဗာပူးအသင်းသည် နိုဝင်ဘာ ၃ဝ ရက်က ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ အဖြစ် အိမ်ကွင်းတွင် ဘရိုက်တန် နှင့် ယှဉ်ပြိုင်ခဲ့ရာ နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရကာ နိုင်ပွဲဆက်ခဲ့သည်။ နှစ် သင်းစလုံးတွင် အဓိက ကစားသမားများ ဦးဆောင်ပါဝင်ခဲ့ပြီး လီဗာပူးမှာ အဓိက နောက်ခံလူ ဗန်ဒိုက်၏ ပထမပိုင်း သွင်းဂိုးများကြောင့် ဦးဆောင်နိုင် ခဲ့သည်။

ဗန်ဒိုက်သည် ပွဲချိန် ၁၈၊ ၂၄ မိနစ်၌ ကစားဖော် အာနိုး၏ ဂိုးဖန်တီး မှုမှတစ်ဆင့် ဂိုးများသွင်းယူပေးခဲ့ သည်။ လီဗာပူး အဓိက ဂိုးသမား အယ်လစ်ဆန်မှာ ပွဲချိန် ၇၆ မိနစ် တွင် အနီကတ်ပြထုတ်ပယ်ခံရ၍ ဘရိုက်တန်အသင်းမှာ ကစားသမား တစ်ယောက်အသာဖြင့် ကစားခဲ့ရသည်။

ဘရိုက်တန်သည် ပွဲချိန် ၇၉ မိနစ် တွင် ချေပဂိုးတစ်ဂိုး ပြန်ရခဲ့ပြီး လူးဝစ် ဒန့်ခ်က သွင်းယူပေးခဲ့သည်။ လူစား ဝင်ခဲ့သော လီဗာပူးအရန်ဂိုးသမား အက်ဒရီယန်မှာ လက်စွမ်းပြကစား နိုင်ခဲ့သည်။ လီဗာပူးသည် ပရိသတ် ၅ဝဝဝဝ ကျော်ရှေ့မှောက်တွင် အနိုင်ရလဒ် ထိန်းနိုင်ခဲ့သည်။

ယခုနှစ်ရာသီတွင် ပရီးမီးယားလိဂ် ရှုံးပွဲမရှိ ကစားထားသော လီဗာပူးသည် အသင်း၏ အင်္ဂလန်အဆင့်မြင့်တန်း ရှုံးပွဲမရှိ အရှည်ကြာဆုံး စံချိန် တစ်ခုကို လိုက်မီခဲ့ကြောင်း သိရသည်။ လီဗာပူးသည် ၁၉၈၇ ခုနှစ် မေလမှ ၁၉၈၈ ခုနှစ် မတ်လအထိ ၃၁ ပွဲ ဆက်တိုက် ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့သည်။ လီဗာပူးသည် ယခုအခါ ဘရိုက်တန်ကိုနိုင်ခဲ့၍ ပရီးမီးယားလိဂ် ၃၁ ပွဲဆက်တိုက် ရလဒ်ကောင်းခဲ့ခြင်း ဖြစ်သည်။ လီဗာပူးသည် ပရီးမီးယား လိဂ် ပွဲစဉ် ၁၄ အပြီး ပြိုင်ဘက်အသင်းများကို အမှတ်ဖြတ်ကာ ထိပ်ဆုံးမှ ဦးဆောင်နေသည်။

လီဗာပူးသည် ပရီးမီးယားလိဂ်တွင် ၂ဝ၁၉ ဇန်နဝါရီက မန်စီးတီးအသင်း ကို ရှုံးခဲ့ပြီးနောက်ပိုင်း ၁၁ လအတွင်း ၃၁ ပွဲဆက်တိုက် ရလဒ်ကောင်းအောင် ကစားခဲ့သည်။ လီဗာပူးသည် လာမည့် ဒီဇင်ဘာ ၅ ရက်တွင် ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ အဖြစ် အဲဗာတန်နှင့် မာ ဆေးဆိုက် ဒါဘီကစားရမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး